ကွတ်ခိုင် မူးယစ်ဆေး နောက်ကွယ်တရားခံကို ဖော်ထုတ်ထားပြီးဟု ဦးဇော်ဌေးပြော
DVB
·
March 14, 2020
ကွတ်ခိုင်မြို့နယ်မှာ အခုလအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေအတွက် နောက်ကွယ်က တရားခံတွေကို ဖော်ထုတ်ထားပြီးဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ အခုလအစောပိုင်းက မူးယစ်ဆေးဝါးတွေကို တပ်မတော်စစ်ကြောင်းတွေက ဖမ်းဆီးရမိခဲ့သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း မတ်လ ၃ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဆက်တိုက်ဖမ်းဆီးရမိခဲ့တာပါ။
ဒီမူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ်မှာ ဦးဇော်ဌေးက မတ်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အခုလို ပြောဆိုခဲ့တာပါ။
“ဆိုလိုတာက ကွတ်ခိုင်မှာ ပိုင်ရှင်မဲ့ပိုင်ရှင်မဲ့လို့ပြောနေတဲ့ကိစ္စတွေရှိပါတယ်။ အခုလောလောဆယ်မှာတော့ ဖော်ထုတ်ရရှိထားပြီးဖြစ်ပါတယ်။ လောလောဆယ် ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျထုတ်ပြန်ပေးဖို့ မရှိပါဘူး။ နောက်ကွယ်က ဒါတွေကို လုပ်ကိုင်ဆောင်ရွက်နေသူကို ဖော်ထုတ်ထားပြီးဖြစ်ပါတယ်။”
ဒါတွေနဲ့ ပတ်သက်ပြီး ၂၁ ဦးကို လက်ရဖမ်းဆီးမိထားသလို ကျန်လွတ်မြောက်နေသူတွေကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ဖမ်းဆီးရမိမှုပေါင်း မူးယစ်ဆေးဝါးက ၄၂ မှုရှိတယ်။လက်နက်မှုက ၁ မှု၊ စုစုပေါင်း ၄၃ မှု ကျနော်တို့ အမှုဖွင့်ထားပါတယ်။ တရားခံအနေနဲ့ ဖော်ထုတ်ရရှိတာ ၄၈ ဦးရှိပါတယ်။ အဲ့ဒီ ၄၈ ဦးမှာ လက်ရဖမ်းမိထားတာ ၂၁ ဦးရှိပြီး တိမ်းရှောင်သူ အားလုံးပေါင်း ၂၇ ဦးရှိပါတယ်။ အဲ့ဒီ ၂၇ ဦးကို ဖမ်းဆီးရမိဖို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၁၂ ရက်နေ့အထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းစုစုပေါင်းတန်ဖိုးဟာ ကျပ်ငွေ ၂၈၈ ဘီလီယံကျော်ရှိနေပြီလို့ သိရပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)