ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် မန်းရွှေစက်တော်ဘုရားပွဲပိတ်သိမ်း
DVB
·
March 13, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ မတ်လ ၁၃ ရက်နေ့ကစတင်ပြီး နှစ်စဉ် ကျင်းပတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းတော့မယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မတ်လ ၁၂ ရက်နေ့မှာကျင်းပတဲ့ အစည်းအဝေးကနေ မတ်လ ၁၆ ရက်နေ့မှာဘုရားပွဲပိတ်သိမ်းဖို့ ဆုံးဖြတ်ထားပေမဲ့ အခြေအနေအရပ်ရပ်ကြောင် မတ်လ ၁၃ ရက်နေ့မှာ ပိတ်သိမ်းတာပါ။
ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက "တိုင်းဒေသကြီး အစိုးရအပေါ်မှာ စေတနာထားတဲ့ မိတ်ဆွေဆရာဝန်တွေ၊ ဆရာဝန်မဟုတ်တဲ့မိတ်ဆွေတွေရဲ့ အကြံပြုချက်အပြင် ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပိတ်သိမ်းရတာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကူးစက်မြန် ကပ်ရောဂါအဖြစ် ကြေညာထားပြီး ဖြစ်တယ်။”လို့ ပြောပါတယ်။
သင်္ကြန်မှာ မဏ္ဍပ်တွေမလုပ်ဖို့၊ နိုင်ငံခြားသားတွေကို သီးခြားထားရှိဖို့၊ အစိုးရပြုလုပ်တဲ့ အခမ်းအနားတွေရပ်ဆိုင်းဖို့နဲ့ ရပ်ရွာတွေမှာ နာရေးကလွဲလို့ ဘာအခမ်းအနားမှမပြုလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားလာလို့ ဘုရားပွဲတော်ကို စောပိတ်လိုက်တာလို့လည်း ပြောပါတယ်။
မန်းရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးဌေးဝင်းကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာရမှာဖြစ်တယ်လို့ ပြောပါတယ်။
“ပွဲတော်ကာလကလည်း တစ်ဝက်ရောက်နေပါပြီ။ နစ်နာတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ အစည်းဝေး ဆုံးဖြတ်ချက် အများဆန္ဒနဲ့ ဆောင်ရွက်ပေးမှာဖြစ်တယ်"
မန်းရွှေစက်တော် ဘုရားပွဲတော်ဟာ နိုင်ငံအနှံ့က ဘုရားဖူးတွေ လာရောက်တဲ့ အထူးစည်ကားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ကိုရိုနာဗိုင်ရပ်စပ်ရောဂါ ကာကွယ်နိုင်အောင် နှစ်စဉ် ရက်ပေါင်း ၈၀ ကျင်းပလေ့ရှိရာမှာ ပွဲတော်ကာလ တဝက်လောက်နဲ့ ပိတ်သိမ်းလိုက်တာပါ။
သတင်း-မင်းထီး