Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်သဖြင့် အန်အယ်လ်ဒီပုံရိပ်တက်နိုင်ဟု ကြံ့ခိုင်ရေးအမတ်ပြော
နေဖြိုးဝင်း
·
March 12, 2020
88964322_3301711546510508_2096333967643901952_o
အာဏာရပါတီက ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ပူးပေါင်းမှုမရှိလို့ မအောင်မြင်ဘူးဆိုတဲ့အချက်ဟာ သူ့တို့အတွက် ပုံရိပ်တက်လာနိုင်ပေမယ့် အိုင်စီဂျေတရားရုံးမှာ ရခိုင်မြောက်ပိုင်းကိစ္စတပ်မတော်ကို အပြစ်ပုံချထားတာရှိလို့ နိုင်ငံရေးအရ အန္တရာယ်ရှိနိုင်တယ်လို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲဆုံးဖြတ်တဲ့ ဒုတိယနေ့အပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလိုပြန်လည်ဖြေဆိုခဲ့တာပါ။ “တပ်မတော်ကပါဝင်ပူးပေါင်းမှုမရှိတဲ့အတွက် မအောင်မြင်ဘူးဆိုတဲ့ Image ကတော့ အထိုက်အလျှောက်တော့တက်လာမှာပေါ့။ ဒါဟာ ပြည်တွင်းတင်မဟုတ်ဘဲနဲ့ ပြည်ပပါ ရောက်သွားမှာလေးကတော့ စိတ်ပူစရာ။ နိုင်ငံတကာမှာလည်း တာဝန်ရှိတဲ့သူတွေက ပြောခဲ့တာ တွေရှိတယ်။ နိုင်ငံတော်မှာ အစိုးရနဲ့ပတ်သက်ပြီး တပ်မတော်က လုပ်ငန်းတရပ်လိုဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ တပ်ရဲ့ လွှမ်းမိုးမှုတွေ များနေတယ်ဆိုတဲ့ ရှု့ထောင့်အမြင်ကနေ ပြောဆိုဆွေးနွေးတာတွေရှိတယ်။ အဲဒါကြောင့်မို့ ဒီဟာသာ တိုင်းပြည်ရင်ဆိုင်နေရတဲ့ အပြည်ပြည်ဆိုင်ရာခုံရုံး ရခိုင်ပြည်နယ်မြောက်ခြမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်အပေါ်မှာ အပြစ်ပုံချထားတဲ့ကိစ္စတွေရှိတယ်။ အဲဒါတွေနဲ့ စပ်ဆက်ပြီး နိုင်ငံရေးအရတွေးမယ်ဆိုရင် အလားအလာအန္တရာယ်ရှိနိုင်တဲ့ အနေအထားတော့ ရှိပါတယ် ” လို့ ဦးသောင်းအေးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာမှ နိုင်ငံရေးမူဝါဒတည်ငြိမ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ပုံမှန်လုပ်သွားနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ တပ်မတော်ရဲ့အခန်းကဏ္ဍအရ တပ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခိုင်ခိုင်မာမာရပ်တည်ဖို့အတွက်ကို ရပ်တည်နေတာပါ”လို့ ဦးသောင်းအေးက ပြောပါတယ်။ ဖွဲ့စည်းပုံကိုပြင်ဆင်နေတာထက် နိုင်ငံရဲ့ပကတိအခြေအနေနဲ့ ပြည်သူတွေရဲ့ဘဝကို သေချာသိပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ထိန်းကျောင်းပြုပြင်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။  ဒီလိုထိန်းကျောင်းတဲ့အခါမှာ အခြေခံဥပဒေက သက်ရောက်မှုတစ်ခု ရှိနေရင် အားလုံးညှိနှိုင်းပြီး ပြင်ဆင်မှ ပြင်ဆင်ရေးလုပ်ငန်းတွေ အဆင်ပြေမှာဖြစ်သလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေလည်း ကင်းဝေးသွားမယ်လို့လည်း ဦးသောင်းအေးက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်က မဲခွဲဆုံးဖြတ်ရာမှာ  တပ်မတော်ရဲ့အာဏာကို လျော့ချဖို့ ပြင်ဆင်ချက်တွေ အားလုံးဟာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024