ပုဏ္ဏားကျွန်းမြို့နယ်က ရွာသား ၂ ဦးကို ကျောက်တန်းစစ်ဆေးရေးဂိတ်က ဖမ်းဆီး
ဝဏ္ဏခွာညို
·
March 6, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်းတင်ကျေးရွာက ရွာသားနှစ်ဦးကို စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်က မတ် ၅ ရက်ညနေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အိုင်းတင်ကျေးရွာက ကိုမောင်စောအေး အသက် (၃၁ )နှစ်နဲ့ ကိုနေလင်းဌေးအသက်(၂၄ )နှစ်တို့ဟာ သူတို့ရဲ့ရွာကနေ ဆိုင်ကယ်တစီးနဲ့ စစ်တွေကိုသွားရောက်ခဲ့ပြီး အပြန် မနေ ညနေ ၅ နာရီ ၁၀ မိနစ်လောက်က ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရတာလို့ သားနဲ့ မြေးဖမ်းဆီးခံထားရသူ ဦးမောင်မောင်ချေကပြောပါတယ်။
“သားနဲ့မြေးက အလုပ်ကိစ္စနဲ့ စစ်တွေကိုသွားကြတယ်။ စစ်တွေကအလာမှာ ကျောက်တန်း စစ်ဆးရေးဂိတ်မှာ တပ်မတော်သားတွေက လှမ်းခေါ်တယ်လို့ပြောတယ်။ လှမ်းခေါ်တာကို ဆိုင်ကယ်မောင်းနေတော့ သူတို့မကြားဘူးနဲ့တူတယ်။ စစ်ဆေးရေးဂိတ်နဲ့ နည်းနည်းလွန်သွားတယ်။ အဲ့ဒီမှာ သေနတ်တချက်ဖောက်ပြီး လှမ်းခေါ်တယ်တဲ့၊ သေနတ်သံကြားတော့သူတို့ ဆိုင်ကယ်ကို မောင်းတာရပ်ပြီး စစ်ဆေးရေးဂိတ်လှည့်လာတယ်။ စစ်ဆေးရေးဂိတ်မှာစစ်ဆေးမှုတွေလုပ်ပြီး အထဲကိုခေါ်သွားတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံနေရသူတွေနဲ့တွေ့ဆုံဖို့ မိသားစုက ကျောက်တန်းစစ်ဆေးရေးဂိတ်ကို သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရဘဲ ပြန်လှည့်လာခဲ့ရတယ်လို့ ကိုနေလင်းဌေးရဲ့ ဖခင် ဦးအောင်ကျော်မြက ပြောပါတယ်။
“ကျနော်တို့ သားတို့ကိုတွေ့ချင်လို့ ဒီကနေ့ မနက်ပိုင်းက ကျောက်တန်းစစ်ဆေးရေးဂိတ်ကို သွားကြပါတယ်။ အဲ့ဒီမှာ တပ်မတော်သားတွေရော၊ ရဲတပ်ဖွဲဝင်တွေရော ရှိတယ်။ အဲ့ဒီမှာ စခန်းမှူးလားမသိဘူး။ ခဏစောင့်ပေး သွားကြည့်ပေးမယ်လို့ပြောတယ်။ ကျနော်တို့အကြာကြီးပဲ တွေ့မလားလို့ စောင့်နေကြတယ်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ပြန်လှည့်လာခဲ့ရတယ်။ ကျနော်တို့အရမ်း စိတ်ပူပါတယ်။ ကျနော်တို့သားတွက ရိုးရိုးသားသားလုပ်စားနေကြတဲ့ လယ်သမားတွေပါ၊ စစ်တွေကိုခဏသူငယ်ချင်းတွေနဲ့ တွေ့ဖို့သွားကြတာပါ။”
ဒီသတင်းကိုအသေးစိတ်သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိသလို တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။