သတင်းထောက် ၂ ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်း
DVB
·
March 5, 2020
ရန်ကုန်အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းထောက် နော်ဘက်တီဟန်နဲ့ မြန်မာတိုင်းမ် ဓါတ်ပုံသတင်းထောက်မားနော်တို့ကို မတ်လ ၄ ရက် ညနေ ၄နာရီလောက်က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Myanmar Free Press အဖွဲ့က ထုတ်ပြန်ပါတယ်။
သတင်းထောက် မနော်ဘတ်တီဟန်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သတင်းရယူဖို့ ရောက်ရှိနေစဉ် မနေ့မွန်းလွဲပိုင်းက စတင်ပြီး သတင်းဌာနနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဖုန်းမက်ဆေ့ချ်ပေးပို့ချက်အရ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က သူ့ကို မြဝတီမြို့၊ အမှတ်(၁) နယ်စပ်ဂိတ်အနီးမှာ ထိန်းသိမ်းခဲ့တာလို့ Frontier Myanmar သတင်းဌာနက လည်း အတည်ပြုထုတ်ပြန်ထားပါတယ်။
သတင်းသမားနှစ်ဦး လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်နေပြီး လက်ရှိအချိန် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို သိရှိရဖို့ ကြိုးပမ်းနေပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းမီဒီယာကောင်စီနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတို့ကူညီပေးဖို့လည်း Myanmar Free Press အဖွဲ့က တိုက်တွန်းထားပါတယ်။