ဦးစိုးထွန်းရှိန်အမှုအတွက် အမြဲတမ်းအတွင်းဝန်ကို ထပ်မံဆင့်စာထုတ်ခေါ်ယူစစ်ဆေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 4, 2020
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အမှုအတွက် စစ်ဆေးဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို ထပ်မံဆင့်စာထုတ် ခေါ်ယူစစ်ဆေးသွားမယ်လို့ ရမည်းသင်းမြို့နယ်တရားသူကြီးက ပြောပါတယ်။
“ဒီကနေ့ ဦးအောင်နိုင်ဦးက အစည်းအဝေးတက်ရောက်နေလို့ မလာနိုင်ဘူးလို့ တင်ပြလာပါတယ်။ ဆင့်စာထပ်ထုတ်ထားတယ်။ ၁၈ ရက်နေ့ကို စစ်ဖို့အတွက် ဆင့်စာထပ်မံ ထုတ်ဆင့်သွားမှာပါ”လို့ တရားသူကြီး ဦးဇော်လင်းအောင်က ပြောပါတယ်။
မိုးထိမိုးမိရွှေတွင်း လုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုဟာ ၁၃ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးမှု ဖြစ်ပါတယ်။
ဒီကနေ့ ရုံးထုတ်မှာတော့ လိုပြသက်သေ ဦးညီညီလွင်နဲ့ ဦးထွန်းအောင်စိုးတို့ကို လိုပြသက်သေစာရင်းကနေ ပယ်ဖျက်ခြင်းမပြုဘဲ အမှုကို ဆက်လက်သွားလိုတဲ့အကြောင်း အမှုလိုက်ဥပဒေအရာရှိက တင်ပြခဲ့ပြီးတော့ လာမယ့် ရုံးချိန်း မတ်လ ၁၆ ရက်နေ့မှာ အမှုစစ် ဒုရဲအုပ် မြင့်ဦးကို စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။