မင်္ဂလာတောင်ညွှန့် ရွှေမြယာကွန်ဒိုရှိ လင်းနို့များကို ဖယ်ရှားမည်
DVB
·
February 28, 2020
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရွှေမြယာကွန်ဒိုက လင်းနို့တွေကို အန္တရာယ်ကင်းနိုင်မယ့် တခြားနေရာကို ပြောင်းရွှေ့နိုင်ဖို့ စီစဉ်မယ်လို့ မင်္ဂလာတောင်ညွှန့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
၁၀ နှစ်ကျော်ကြာလာတဲ့အထိ လူနေထိုင်ခြင်းမရှိတဲ့ ရွှေမြယာကွန်ဒိုမှာ လင်းနို့ အကောင်ပေါင်း သိန်းနဲ့ချီပြီး ခိုအောင်းနေကြတာ ၅ နှစ်လောက်ကြာနေပြီလို့ ကွန်ဒိုအနီးနားမှာ နေထိုင်သူတွေက ပြောပါတယ်။
လင်းနို့တွေခိုအောင်းနေတဲ့အခြေအနေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆရာဝန်တွေ က သွားရောက်ကြည့်ရှုခဲ့ပြီး လင်းနို့တွေ ရှင်းပစ်လိုက်ရင် အင်းဆက်ပေါက်ပွားရာကနေ အန္တရာယ်များလာမှာ စိုးရိမ်ရလို့ တခြားနေရာကို ရွှေ့ပြောင်းဖို့ စီစဉ်မယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဦးလှဌေး ပြောပါတယ်။
ရွှေမြယာကွန်ဒိုနားမှာ နေထိုင်သူတွေကတော့ လတ်တလောမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အခုလို လင်းနို့တွေ အများကြီးခိုအောင်းနေတာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
အခုလင်းနို့တွေကကိုရိုနာဗိုင်းရပ်စ်နဲ့တော့ မသက်ဆိုင်ပေမယ့် လင်းနို့ကိုက်ခံရရင် ခွေးရူးပြန်ရောဂါဖြစ်နိုင်တဲ့အခြေအနေတွေတော့ ရှိနေတယ်လို့လည်း ဆိုပါတယ်။ လင်းနို့တွေရှင်းရင် ဘေးနားက နေအိမ်တွေမှာ ခိုအောင်းလာမှာကိုလည်း စိတ်ပူနေရလို့ ဂရုစိုက်ရှင်းစေချင်တယ်လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
လင်းနို့ရှင်းလင်းရေးကို အမြန်ဆုံးဆောင်ရွက်မှာဖြစ်ပြီး အဲ့ဒီအတွက် ကုန်ကျစာရိတ်၊ လင်းနို့တွေကိုသယ်ယူရေး၊ သန့်ရှင်းရေးလုပ်မယ့် ဝန်ထမ်းတွေအတွက် ကျန်းမာရေးကအစ တွက်ချက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
လင်းနို့တွေခိုအောင်းနေတဲ့နေရာကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်မှာရှိတဲ့ ရွှေမြယာကွန်ဒို အပိုင်း (၁)မှာ ဖြစ်ပေါ်နေတာပါ။
လင်းနို့တွေကတော့ ညနေ (၆)နာရီဝန်းကျင်လောက်မှာ အပြင်ကို ထွက်လေ့ရှိပြီး မနက်မိုးလင်းခါနီးမှာတော့ အဲဒီကွန်ဒို အဆောက်အဦးဆီကို ပြန်လာကြတာဖြစ်ပါတယ်။
သင်းသင်းဇော်