ပင်လယ်ပြင်နှင့် ကုန်းတွင်း ရေသယံဇာတများ လျော့ပါးလာနေ
DVB
·
February 28, 2020
ပင်လယ်ပြင်ရေလုပ်ငန်းမှာရော ကုန်းတွင်းရေလုပ်ငန်းမှာပါ ရေသယံဇာတတွေ လျော့ပါးလာတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖျာပုံခရိုင် ငါးလုပ်ငန်းသင်တန်းကျောင်းမှာ ဖွင့်လှစ်တဲ့ ပင်လယ်ပြင်ဘေးကင်းလုံခြုံရေးနှင့် ငါးလုပ်ငန်းဥပဒေနဲ့အညီ ငါးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော် က “ဖျာပုံမြို့နယ်ဟာ ပင်လယ်ပြင် ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိနေသလို ရေသယံဇာတများဟာ လျော့ပါး လာတယ်”လို့ ပြောပါတယ်။
ပင်လယ်ပြင်မှာ ငါးသယံဇာတတွေ မပြုန်းတီးဖို့ အခုလိုသင်တန်းဖွင့်လှစ်ရတာလို့ ဖျာပုံခရိုင်ငါးလုပ်ငန်းသင်တန်းကျောင်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ခင်အေးက ပြောပါတယ်။
“ပင်လယ်ပြင်လုပ်ငန်းခွင်ထွက်တဲ့အခါမှာ ပင်လယ်ပြင်အကြောင်းကို နားလည်တဲ့ ရေလုပ်သားတွေပါသလို နားမလည်တဲ့ ရေလုပ်သားတွေပါတယ်။ အဲဒီ ရေလုပ်သားတွေအတွက် ဆောင်ရန်ရှောင်ရန်နှင့် ငါးသယံဇာတတွေ မပြုန်းတီးဖို့ အခုလိုသင်တန်းဖွင့်လှစ်ရတာပါ”
အလုပ်သမား အလုပ်ရှင်ဥပဒေတွေ တိတိကျကျထွက်လာဖို့ အရေးကြီးတယ်လို့လည်း အင်္ဂလန်ကျားဖောင်လုပ်ငန်းလုပ်ကိုင်နေသူ သင်တန်းသား ကိုမင်းဦးက တောင်းဆိုပါတယ်။
ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း၊ အဆိပ်အတောက် ဓာတုပစ္စည်းလို အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ငါးဖမ်းတာအပါအဝင် တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ် ကျပ် ၂ သိန်းဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ ကျခံဖို့ ဧရာဝတီတိုင်းငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားပါတယ်။
သတင်း- ကျော်စိုးမိုး