ခိုင်မာသည့် ရွှေစျေးကွက်တခု အမြန်ဆုံးဆောင်ရွက်သင့်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
February 22, 2020
ရန်ကုန်မြို့မှာ ခိုင်မာတဲ့ ရွှေစျေးကွက်တခု အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
ခိုင်မာတဲ့ ရွှေစျေးကွက်တခု ဖြစ်လာမယ်ဆိုရင် အခွန်နှုန်းတွေမှာလည်း ပိုပြီးစနစ်ကျမှုဖြစ်လာမယ်လို့ ဆိုပါတယ်။
ရန်ကုန်ရွှေစျေးကွက် ပေါ်ထွန်းရေးကိစ္စရပ်ကို သတ္တုတွင်းဝန်ကြီးဌာနက ကိုယ်စားလှယ်လုပ် ဆောင်ရွက်နေတာဖြစ်နေပြီး တကယ်တော့ ဗဟိုဘဏ်ရယ်၊ စီးပွားကူးသန်းရယ်၊ စီမံဘဏ္ဍာရယ်က အရေးကြီးတဲ့ အခန်းကဏ္ဍတခုမှာ ရှိနေတာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ကုန်ကြမ်းထုတ်လုပ်မှုအပိုင်းကသာ သတ္တတွင်းဌာနနဲ့ သက်ဆိုင်ပြီး ကျန်တဲ့အပိုင်းတွေက ရောင်းဝယ်ရေး ကဏ္ဍနယ်ပယ်ဖြစ်ပါတယ်။ ရွှေဟာ ကမ္ဘာတခုလုံးမှာ ခိုင်မှာတဲ့ ငွေကြေးတခုလို ဖြစ်နေတဲ့အတွက် ရွှေနဲ့ငွေကြေးနဲ့ ဆက်စပ်နေတဲ့ အခြေအနေတခုမှာ ရှိပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ဘက်ကနေ ထိန်းညှိပြီး ဆောင်ရွက်ပေးနိုင်မယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း ရန်ကုန်ရဲ့ ရွှေစျေးကွက်ကို စနစ်တကျ ဆောင်ရွက်နိုင်မယ်ဆိုရင် အမြန်ဆုံး ဆောင်ရွက်နိုင်မယ့် အခြေအနေတခု ဖြစ်လာမှာ ဖြစ်ပါတယ်။”
ဥပဒေ၊ နည်းဥပဒေတွေကိုလည်း ဆက်လက်ပြဋ္ဌာန်းဖို့ လိုအပ်ပေမယ့် စတင်လည်ပတ်တဲ့ နေရာမှာ အမိန့်ညွှန်ကြားချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပြီး ဆောင်ရွက်မယ်ဆိုရင် ဒီပေါ်မှာ မူတည်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်ပြဋ္ဌာန်းသွားနိုင်မယ်လို့လည်း ဆိုပါတယ်။
နူးရာ