Home
မြန်မာသတင်း
ရွှေဘိုခရိုင်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုစာရင်းများပေးအပ် 
DVB
·
February 18, 2020
Untitled-1
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှာ နိုင်ငံသားစိစစ်ရေးကတ် ၄၀၀၀၀ ကျော်နဲ့ အိမ်ထောင်စုလူဦးရေစာရင်း ၁၀၀၀၀ ကျော်ကို ဒေသခံတွေအတွက် လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရွှေဘိုမြို့ရန်ကြီးအောင်ခန်းမမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနကနေ (၂၀၁၉/၂၀) သစ္စာစီမံချက်နဲ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လည်ပိုင်းက နိုင်ငံသားစိစစ်‌ရေးကတ်နဲ့ အိမ်‌ထောင်စုလူဦး‌ရေစာရင်းတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားကို စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်းဒေသကြီးလဝကညွှန်ကြားရေးမှူး ဦးယဉ်ထွေးတို့နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။ တိုင်း‌ဒေသကြီး လဝက ညွှန်ကြားရေးမှူးဦးယဉ်ထွေးက “ကျောင်းသားကျောင်းသူများနဲ့ ပြည်သူများအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ကိုအလေးထားတန်ဖိုးထားကြဖို့ နိုင်ငံသားတဦးအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပြီး ဒါကိုတန်ဖိုးထားမှုနည်းနေတယ်” လို့ ပြောခဲ့ပါတယ်။ လဝက အနေနဲ့အရင်ကရှိခဲ့တဲ့ အဂတိအရိပ်မည်းတွေကို ကုစားနေတာဖြစ်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းပြီးပြုပြင်လာတဲ့အတွက် အခုအခါမှာ အတန်အသင့်ပြည်သူတွေရဲ့ ယုံကြည်မှုရခဲ့တယ်လို့ ဆိုလည်း ပြောပါတယ်။ ရွှေဘိုမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကတော့ “ကိုယ့်ဘက်က အထောက်အထား ခိုင်လုံတယ်ဆိုရင် လဝကက အခမဲ့လုပ်ပေးပါတယ်။ အဆင်ပြေအောင်လည်း ပွင့်လင်းမြင်သာ ဆွေးနွေးလို့လည်း ရတယ်”လို့ ပြောပါတယ်။ ရွှေဘိုခရိုင်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ၁၀၉ ကျောင်းနဲ့ကျေးရွာအုပ်စု ၁၀၂ အုပ်စုကို ၂၀၁၉ မတ်လကနေ ၂၀၂၀ ဇန်နဝါရီလအထိ နိုင်ငံသားအရည်အချင်းပြည့်မှီသူ အားလုံးကို နိုင်ငံသားစိစစ်ရေး ကတ် ၄၃၇၃၄ ကတ်နဲ့ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည် မြို့များမှ အိမ်ထောင်စုလူဦးရေစာရင်း ၁၀၈၀၉ ခုပေးအပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ  ၅ နှစ်တာကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ် ၁၄ သိန်းခွဲခန့် ပေးအပ်ပြီးပြီလို့ သိရပါတယ်။ သတင်း- အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024