Home
မြန်မာသတင်း
မြန်မာ့ရိုးရာ ပန်းပုလုပ်ငန်း ပြည်ပဈေးကွက်ထိုးဖောက်ရန် လိုအပ်ချက်များရှိနေ
DVB
·
February 17, 2020
86473897_2895421000508292_1283311695191605248_o
မြန်မာ့ရိုးရာပန်းပုလုပ်ငန်းမှာ အခြေခံကုန်ကြမ်းပစ္စည်းဖြစ်တဲ့ သစ်မာတွေ အလွယ်တကူ ဝယ်ယူရရှိရေး၊ လုပ်ငန်းလိုင်စင်တွေ ရရှိရေး၊ ကျွမ်းကျင်တဲ့ ပန်းပုပညာရှင်တွေ ပေါ်ထွက်လာစေရေး၊ ကောင်းမွန်တဲ့ ဈေးကွက်တခု ဖြစ်ပေါ်လာစေရေးတို့အတွက် အခက်အခဲ လိုအပ်ချက်တွေ ရှိနေသေး​တယ်လို့ သိရပါတယ်။ ပန်းပုပညာရှင်တဦးဖြစ်တဲ့ ကိုရှိန်းလူက “ကျနော်တို့ မြန်မာ့ပန်းပုလုပ်ငန်းက လက်ရှိ ပြည်တွင်းဈေးကွက်မှာ တန်ဖိုးမြင့်မြင့်မားမား နေရာမယူနိုင်သေးပါဘူး။ ဒါကြောင့် ပြည်ပ ဈေးကွက်ကို စွန့်ပစ်ပစ္စည်းတွေကတဆင့် တန်ဖိုးမြင့် အချောထည်ပစ္စည်းအဖြစ်ကို ပြောင်းလဲပြီး အဆင့်အတန်းမီမီ ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေသေး​တယ်။ နောက်ပြီး မျိုးဆက်သစ် ပန်းပုပညာရှင် အရေအတွက်ကလည်း နည်းပါးလာ​တယ်”လို့ ပြောပါတယ်။ ပန်းပုရုပ်တခု ပြုလုပ်ရာမှာ သစ်တိုသစ်စ၊ သစ်မြစ်ဆုံ၊ သစ်ငုတ်တို၊ သစ်ဆွေးကအစ အသုံးပြုလို့ရပြီး ပန်းပုထုရာမှာ အကောင်းဆုံးသစ်အမျိုးအစားတွေက တောကြီးပိတောက်၊ တမလန်း၊ ကျွန်း၊ ကုက္ကို၊ ပိတောက်၊ ယင်းတိုက်သားတွေကို အဓိကထား အသုံးပြုကြကြောင်း သိရပါတယ်။ သုဝဏ္ဏဝတီမြို့ရှိ အကောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်ဝေက “ပထမသစ်သားပန်းပု အရောင်းဆိုင် ဖွင့်မယ်ဆိုပြီး ရည်ရွယ်ထားတာ တနှစ်ကျော်နေပါပြီ။ အခုဆို အရုပ်တော်တော်လေးတော့ စုဆောင်းရရှိပါပြီ။ ပြည်တွင်းက ပန်းပုပညာရှင်တွေကို ခေါ်ယူပြီးတော့ သူတို့ရဲ့အနုပညာလက်ရာအပေါ် ကြည့်ပြီး ထိုက်သင့်တဲ့ အခကြေးငွေ ချီးမြှင့်ပေးပါတယ်။ လိုအပ်တဲ့ သစ်ကုန်ကြမ်းကိုလည်း ဒေသထဲမှာ လိုက်လံရှာဖွေ ဝယ်ယူရရှိလို့ သစ်သားပန်းပုရုပ်တွေ ထုလုပ်နေတာပါ။ ဈေးကွက်အခြေအနေ ကောင်း၊ မကောင်း မသိရသေးဘူး။ စားသောက်ဆိုင်တွေက အော်ဒါမှာယူတဲ့ အလှဆင် ပန်းပုရုပ်တွေကို ဈေးနှုန်းသင့်တင့်စွာနဲ့ ရောင်းချပေးပါတယ်”လို့ ပြောပါတယ်။ မြန်မာ့ရိုးရာပန်းပညာရှင်များအစည်းအရုံး အသင်းဝင် ကိုရဲနိုင်က “အခု ဒီမြို့မှာ အဖွဲ့လိုက်လာပြီး နေထိုင်၊ စားစရိတ်ငြိမ်းနဲ့ ပန်းပုရုပ်တွေ ထုလုပ်ပေးနေတာပါ။ သူ့အရည်အချင်းအလိုက် လုပ်အားခတော့ မတူညီဘူး။ ကိုယ်ထုလုပ်ပြီးစီးတဲ့ ပန်းပုရုပ်ပေါ် မူတည်ပြီး လက်ခရပါတယ်။ လိုအပ်တဲ့ သစ်ကုန်ကြမ်းတွေရဖို့နဲ့ လုပ်ငန်းလိုင်စင် ရရှိဖို့ ဆောင်ရွက်ရတာ ခက်ခဲပေမယ့် ထုလုပ်ပြီးတဲ့ ကုန်ချောပန်းပုရုပ်တွေကို နိုင်ငံတော်က လွတ်လပ်စွာ ရောင်းဝယ်ခွင့်တော့ ပေးထားပါတယ်” လို့ ပြောပါတယ်။ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင်ပါဝင်သော ပန်းပုပညာရပ်ကို နိုင်ငံတော်က အသိအမှတ်ပြု အားပေးပြီး သစ်သားပန်းပုပြိုင်ပွဲတွေ ကျင်းပ ဆောင်ရွက်ပေးနေပြီး အရည်အသွေးမြင့် ရရှိလာတဲ့ သစ်သားပန်းပု အချောထည်တွေကို လက်မှုနှင့် စက်မှုပညာပေါင်းစပ်ကာ လက်မှုနှင့် ထုလုပ်ထားတဲ့ လက်ရာကောင်းရုပ်တုတွေကိုတော့ စက်ဖြင့်ပုံစံထုတ် မိုလောင်းပြီး ပုံစံတူ သစ်အရွယ်အစားအလိုက် အရေအတွက်များစွာကို ထုတ်လုပ်နိုင်​တယ်လို့ သိရပါတယ်။ သတင်း- ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024