ဗိုလ်ချုပ်မွေးရပ်မြေ နတ်မောက်မြို့တွင် ဗိုလ်ချုပ်မွေးနေ့ပွဲကျင်းပ
DVB
·
February 14, 2020
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်မွေးရပ်မြေ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံမှာ ကျင်းပပါတယ်။
နတ်မောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်ကြာကျင်းပခဲ့ပြီး မွေးနေ့ပွဲကို လာရောက်ကြသူတွေကို ပဲပြုတ်နံပြား ကျွေးမွေးခြင်း၊ ကြာဇံဟင်းခါးကျွေးခြင်းတွေနဲ့ ဧည့်ခံခဲ့ကြပါတယ်။
ဗိုလ်ချုပ်မွေးနေ့ပွဲတော်မှာ စာပေဟောပြောပွဲ၊ ကလေးအားကစားပြိုင်ပွဲ၊ ကလေးပန်းချီပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခြင်းအလှခတ်ပြိုင်ပွဲတွေအပြင် အငြိမ့်ပွဲတွေကျင်းပသလို Myanmar Idol Season Three Winner ဆုရတွေက လာရော်က ဖျော်ဖြေခဲ့ကြပြီး ကျပ်သိန်း ၃၃၀ လောက် ကုန်ကျခဲ့တယ်လို့ ၁၀၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးခိုင်က ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန် (၁၀၅ နှစ်ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် နတ်မောက်မြို့မှာ နွားပြိုင်ပွဲများ၊ ဆိတ်အလှပြိုင်ပွဲများနဲ့ ဝက်ဖမ်းပြိုင်ပွဲများကိုလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ရဲ့သီလ သမာဓိ ပညာ စိတ်ဓာတ်ကို လေးစားလို့ မကွေးမြို့ကနေ နတ်မောက်မြို့အထိ စက်ဘီးစီးပြီး ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကိုလာပြီး ဂါရဝပြုတာပါလို့ မကွေးမြို့မှ ဦးကျော်သန်းကပြောပါတယ်။
ပွင့်ဖြူမြို့နယ် ပြည့်လုံးကျော်ကျေးရွာနေ ဒေါ်ခင်စန်းဝင်းက “ဗိုလ်ချုပ်ကိုကြည်ညိုလွန်းလို့ ဗိုလ်ချုပ်မွေးရပ်မြေမှာကျင်းပတဲ့ မွေးနေကိုလာရောက်တာပါ၊ ဗိုလ်ချုပ်ကိုလည်း ကန်တော့ချင်တာလည်းပါတာပေါ့” လို့ ပြောပါတယ်။
နတ်မောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မတိုင်ခင်ကတည်းက ဗိုလ်ချုပ်ပန်းခြံနဲ့ ဗိုလ်ချုပ်နေအိမ်ပြတိုက်တို့မှာ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ရန်ကုန်နဲ့ မန္တလေးစတဲ့ ဒေသတွေက လာရောက်ကြတဲ့ ပြည်သူတွေနဲ့ စည်ကားနေပါတယ်။
သတင်း- တင်ရွှေ(မင်းဘူး)