အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးအသတ်ခံရ
DVB
·
February 12, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင် နေတဲ့ ရဲဒုတပ်ကြပ် ထွန်းထွန်းနိုင်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်က ကဇုကိုင်းကျေးရွာမှာ ဓားထိုးသတ်ခံရပြီး သေဆုံးသွားပါတယ်။
သေဆုံးသူ ရဲဒုတပ်ကြပ်ထွန်းထွန်းနိုင်ဟာ ကဇုကိုင်းကျေးရွာ(စမ်းကြီးပိုင်း)ရှိ ကုန်စုံဆိုင်မှာ စျေးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားရောက်ခဲ့စဉ် အမည်မသိဆိုင်ကယ်တစီးနဲ့ လူတဦးက နောက်က လိုက်လာတာကြောင့် ကုန်စုံဆိုင်အတွင်းကို ဝင်ရောက်သွားတဲ့အချိန်မှာ အဆိုပါအမည်မသိ အမျိုးသားက လိုက်လာကာ လုံးထွေးသတ်ပုတ်ခဲ့ ကြပြီး ရဲဒုတပ်ကြပ်ထွန်းထွန်းဝင်းကို ဓားနဲ့ထိုးသွားခဲ့တယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါ တယ်။
ဓားထိုးခံရမှုကြောင့် ရဲဒုတပ်ကြပ်ထွန်းထွန်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ရင်ဝ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ချက်အထက်မှာ ထိုးသွင်းဒဏ်ရာ ၁ချက်၊ လည်ပင်းနဲ့ ဝဲဘက်ပါးပြင်တို့မှာ ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တာကြောင့် အမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူးအေးမင်းကို ဆက်သွယ် မေးမြန်းရာမှာတော့ နာရေးရောက်နေတဲ့အတွက် မအားသေးဘူးလို့ပြောပါတယ်။
ကဇူးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုခင်သန်းအောင်က “ကဇူးကိုင်းက ရဲတပ်ကြပ်တစ်ယောက်ပါ။ ကျနော်ကတော့ အဲဒီနေ့က အမ်းမှာမို့လို့။ သတင်းအရကတော့ ညနေ၂ နာရီ ၃ နာရီလောက်မှာ ထင်ပါတယ်၊ ကဇူးကိုင်းရွာမှာပါပဲ၊ ကဇူးကိုင်းရွာရဲ့ စမ်းကြီးပိုင်းလို့ခေါ်တဲ့ အဲဒီပိုင်းမှာပါ၊ ဓါးထိုးဒဏ်ရာနဲ့ သေတယ်လို့ပဲ ကျနော်သိရတယ်။ ကျနော်ကလည်း ရွာကို ပြန်ရောက်တဲ့အချိန်မှာ အလောင်းကိုရွာကနေ သယ်သွားကြပါပြီ” လို့ ပြောပါတယ်။
အဆိုပါဒုရဲတပ်ကြပ် ထွန်းထွန်းနိုင်ကို ဓါးနဲ့ထိုးသတ်သွားတဲ့ အမည်မသိသူကို အမ်းမြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ နဲ့ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
သတင်း- နောင်နောင်