ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်တော့မည်
ပိုင်စိုး
·
February 10, 2020
လတ်တလော ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ လ ကုန်လောက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မနေ့ကလုပ်တဲ့ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး (US CDC) က ဓာတ်ခွဲ ကျွမ်းကျင် ပညာရှင်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးတာနဲ့ ပတ်သက်လို့ Hands on Training လာရောက် သင်ကြားပေးမှာဖြစ်လို့ ဇီဝလုံခြုံရေးအတွက် လိုအပ်မယ့် ပြင်ဆင်တာတွေ လုပ်ထားဖို့ပြောပါတယ်။
ဖေဖော်ဝါရီလကုန်လောက်မှာ ဓာတ်ခွဲပစ္စည်းတွေရနိုင်ရင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးတာကို မြန်မာနိုင်ငံမှာ စလုပ်နိုင်မယ်လို့ သိရကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနအနေနဲ့ Isolation (သီးသန့်ခွဲခြားထားတာ) နဲ့ Quarantine (အသွားအလာ တားမြစ်ပိတ်ပင်တာ/ ကန့်သတ်တာ) စတဲ့ စကားလုံးတွေကို ပြည်သူလူထု နားလည် သိရှိနိုင်မယ့် စကားလုံးတွေနဲ့ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုသင့်ပြီး ဒါမှပဲ သံသယလူနာတွေကို ကျန်းမာရေးဝန်ထမ်းတွေက ရောဂါစောင့်ကြပ်ကြည့်ရှုတာဟာ လူနာအတွက်သာမက အနီးကပ် ထိတွေ့နေတဲ့သူတွေကို ရောဂါကာကွယ်ပေးနိုင်တာကို လူထုက သိရှိမယ်လို့ ဝန်ကြီးက ပြောပါတယ်။
မြန်မာပြည်တွင်းမှာ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ စောင့်ကြည့်လူနာ ၉ ယောက်၊ သံသယလူနာတယောက်ရှိပြီး ဆေးရုံမှာတက်ရောက်ကုသနေတဲ့ လူနာ ၁၀ ယောက်ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဓာတ်ခွဲအဖြေစုစုပေါင်း ၁၃ ခုမှာ ၇ ယောက်ကတော့ Negative (ပိုးမတွေ့) ဖြစ်ပြီး ၆ ယောက်ကတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေတုန်းဖြစ်ပါတယ်။
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနက ထုတ်ဝေထားတဲ့ အချက်တွေကို ပြည်သူလူထု အနေနဲ့ အခုထက်ပိုပြီး သိနိုင်ဖို့အတွက် ဘုရား၊ ဈေးတွေနဲ့ လူစည်ကားရာနေရာတွေမှာ ပိုစတာတွေ၊ ဗီနိုင်းတွေကပ်ထားဖို့ ဝန်ကြီးက တိုက်တွန်းပါတယ်။
အခုလက်ရှိဖြစ်ပွားနေတဲ့ 2019-nCoV ကြောင့်ဖြစ်ပွားတဲ့ လတ်တလောအသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ လူနာအမျိုးအစား ခွဲခြားသတ်မှတ်ရာမှာ ရောဂါပိုးရဲ့ကူးစက် ရောဂါဗေဒဆိုင်ရာ ပြောင်းလဲမှု၊ လူနာမှာဖြစ်ပွားတဲ့ ရောဂါလက္ခဏာနဲ့ လူနာရဲ့ အခြေအနေတွေပေါ်မူတည်ပြီး လူနာအမျိုးအစားသတ်မှတ်ရာမှာ အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သံသယလူနာမှာ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲအဖြေ(Negative) ဖြစ်ပေမယ့် (ပိုးမရှိဘူးဆိုပေမယ့်) လိုအပ်ရင် လူနာကို ဆေးရုံတွေမှာ ဆက်လက်ကုသဖို့လိုတာကိုလည်း လူထုကို အသိပေးစေလိုတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနအနေနဲ့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမြန်ဆက်သွယ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ Virus ရောဂါပိုးရဲ့ Virus Shedding Period ဘယ်အချိန်ထိရှိတာကို လက်ရှိဖြစ်နေတဲ့အပေါ်မူတည်ပြီး သုံးသပ်ချက်ကို စုံစမ်းမေးမြန်းဖို့လည်း ပြောပါတယ်။