ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ အရေးကြီးသည့် လမ်းဆုံလမ်းခွရောက်နေပြီဟု ဝန်ကြီးပြော
ပိုင်စိုး
·
September 2, 2020
လက်ရှိမှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အခြေအနေဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွ အခြေအနေတခုကိုရောက်နေတာကြောင့် အမြန်တုံ့ပြန်ဆောင်ရွက်မှပဲ အချိန်တိုအတွင်း ထိန်းချုပ်နိုင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မနေ့ကလုပ်တဲ့ ရခိုင်ပြည်နယ်မှာသာမက တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်ဖို့ ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ် တာဝန်ရှိသူတွေ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
ရောဂါဟာ အချိန်တိုအတွင်း မြန်မြန်ကူးစက်ပြန့်ပွားနေတာကြောင့် အဆိုးဆုံးအခြေအနေကို မျှော်မှန်းပြီး ရထားတဲ့အရင်းအမြစ်တွေကို ထိထိရောက်ရောက်သုံးပြီး တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရောဂါဖြစ်တာနည်းတဲ့ တိုင်းနဲ့ ပြည်နယ်ဆေးရုံတွေအနေနဲ့ လူနာတွေများလာနိုင်တယ်ဆိုတဲ့ ခံယူချက်ကို နောက်ခံထားပြီး စောင့်ကြည့်လူနာတွေကို စနစ်တကျထားရှိရေးနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေကို ဆန်းစစ်သုံးသပ်ပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားရမယ်လို့လည်း ပြောပါတယ်။
အခုရောက်နေတဲ့ ကပ်ရောဂါရဲ့ အခြေအနေနဲ့ အဆင့်မှာ ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့ခဲ့သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်တာဟာ အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံး နည်းဗျူဟာဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ တခြားနေရာတွေကို ခရီးသွားခဲ့သူတယောက်ချင်းကို ဝန်ကြီးဌာနက ဖုန်းနဲ့ ဆက်သွယ်ပြီး ကျန်းမာရေးစစ်ဆေးဖို့နဲ့ အသွားအလာကန့်သတ်မှုခံယူဖို့ အကြောင်းကြားနေတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့လည်း ပြောပါတယ်။
လက်ရှိရေးဆွဲထားတဲ့ လုပ်ငန်းလမ်းညွှန်တွေနဲ့ စံလုပ်ထုံးလုပ်နည်းတွေကိုလည်း ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ထပ်တွေ့တဲ့ အချက်အလက်အသစ်တွေ၊ ကူးစက်ပျံ့နှံ့ပုံစံတွေ၊ ပြောင်းလဲနေတဲ့ ရောဂါလက္ခဏာတွေ စတာတွေတွေကို ထည့်သွင်းစဉ်းစား မွမ်းမံရေးဆွဲပြီး တိုင်းနဲ့ပြည်နယ်တွေကို ဖြန့်ဝေနေတယ်လို့လည်း ပြောပါတယ်။
ပြီးတော့ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမယ့်ကာလ၊ လူနာတွေကို ကုသမှုပေးတာနဲ့ ဆေးရုံဆင်းခွင့်ပေးတဲ့ သတ်မှတ်ချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နဲ့ နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်တွေကို အခြေခံပြီး သက်ဆိုင်ရာ ပညာရှင်အသီးသီးနဲ့ ဆွေးနွေးတိုင်ပင် ပြုပြင်မွမ်းမံနေတယ်လို့လည်း ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက “ဒါတွေကတော့ ပညာရှင်တွေ တိုင်ပင်ဆွေးနွေးနေပါတယ်။ အတည်ပြုပြီးရင် ထုတ်ပြန်ပေးပါ့မယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လူနာတွေကို ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတို့အပြင် ဖောင်ကြီးမှာလည်း ကိုဗစ်-၁၉ ကုသရေးဌာနဖွင့်လှစ်ပြီး ကုသနေပါတယ်။