Homeမြန်မာသတင်း
စိတ်ကျန်းမာရေးရောဂါ ခံစားနေရသူများကို ခွဲခြားဆက်ဆံမှုနှင့် ကြောက်ရွံ့မှု ၈၀ ရာခိုင်နှုန်းရှိ
စိတ်ကျန်းမာရေးရောဂါ ခံစားနေရသူများကို ခွဲခြားဆက်ဆံမှုနှင့် ကြောက်ရွံ့မှု ၈၀ ရာခိုင်နှုန်းရှိ
DVB
·
February 2, 2020
စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ စစ်တမ်းကောက်တဲ့အခါ ခွဲခြားဆက်ဆံခံရမှုနဲ့ လူတွေရဲ့ ကြောက်ရွံ့မှုက ၈၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်နေတယ်လို့ Counselling Corner တည်ထောင်သူ ဦးအောင်မင်းသိန်းက ပြောပါတယ်။
စိတ်ကျန်းမာရေး ဗဟုသုတနဲ့ ပတ်သက်လို့ Yangon Pride ပွဲမှာ လူအယောက် ၂၂၃ ဦးကို စစ်တမ်းပြုလုပ်ထားပြီး တွေ့ရှိချက်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းမှာရှိတဲ့ The Able Myanmar စားသောက်ဆိုင်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
ဒီစစ်တမ်းမှာ ကမ္ဘာမှာဖြစ်နေတဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမှား ၁၀ ခုနဲ့ အမှန် ၄ ခုကို ရွေးချယ်ပြီး ရန်ကုန်တိုင်းအတွင်းက ပြည်သူ ၂၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။
စစ်တမ်းလုပ်တဲ့အခါ မှန်တဲ့ပုံးကို လူ ၁၃၀ ထည့်သွားသလို မှားတဲ့ပုံးမှာ ၉၃ ဦး ထည့်သွားပြီး ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အဖြေမှာ ၈၀ ရာခိုင်နှုန်း ရှိသလို စိတ်ကျန်းမာရေးရောဂါ ခံစားနေရသူတွေအပေါ် ကြောက်ရတယ်ဆိုတဲ့ စစ်တမ်းမှာ ကြောက်ရွံ့တယ်ဆိုတဲ့ အဖြေဟာ ၈၅ ဒသမ ၇ ဖြစ်နေတယ်လို့ ဦးအောင်မင်းသိန်းက ဆိုပါတယ်။
နိုင်ငံတကာရဲ့ စစ်တမ်းတွေအရ လူ ၄ ယောက်မှာ ၁ ယောက်က စိတ်ကျန်းမာရေး ဖြစ်နေတယ်ဆိုတဲ့ အဖြေတွေကတော့ မှန်နေတာကြောင့် စိတ်ကျန်းမာရေးအသိ ရှိနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လက်ရှိစစ်တမ်းကို ရန်ကုန်တိုင်း သန်လျင်၊ တိုက်ကြီး၊ မှော်ဘီစတဲ့ မြို့နယ်တွေအပြင် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေကို ကောက်ယူခဲ့တာပါ။