Home
မြန်မာသတင်း
ဝူဟန်မြို့မှ မြန်မာကျောင်းသားများ ပြန်လည်ရောက်ရှိ 
DVB
·
February 2, 2020
IMG_5597
IMG_5567
IMG_5463
IMG_5454
IMG_5232
IMG_5465
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က မြန်မာကျောင်းသား  ၅၉ ဦးဟာ ဝူဟန် Tianhe လေဆိပ်ကနေ မန္တလေး တံတားဦးလေဆိပ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၄ နာရီကျော်လောက်က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကျောင်းသား ၅၉ ဦးဟာ မန္တလေးတိုင်းဒေသကြီးရှိ ကန်တော်နဒီဆေးရုံကို ဒီကနေ့မနက် ၅ နာရီ ၄၅ မိနစ်မှာ ရောက်ရှိလာပြီး ၄ ယောက်တော့ ကျန်နေခဲ့ပါတယ်။ ကျန်ခဲ့သူတွေထဲက တယောက်က တရုတ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီညွတ်လို့ဖြစ်ပြီး တယောက်တော့ ပြည်နယ်ပြင်ပကို ရောက်နေတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နောက် ၂ ယောက်ကတော့ ကိုယ်အပူချိန်မြင့်နေလို့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုနေတာကြောင့် မလိုက်ပါလာတာလို့ ဆိုပါတယ်။  မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ လက်ရှိ ရောက်ရှိနေတဲ့ ကျောင်းသား ၅၉ ဦးကို WHO ရဲ့ လမ်းညွှန်ချက်အတိုင်း ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပနဲ့ အဆက်အသွယ်မပြတ်ဖို့ မိသားစုတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် မိုဘိုင်း SIM card တွေ ပေးထားတယ်လို့ သိရပါတယ်။ ဆေးရုံဝင်းပတ်လည်မှာ တားမြစ်နယ်မြေဖြစ်တဲ့အတွက် ခွင့်ပြုချက်မရှိဘဲ မဝင်ရောက်ဖို့ သတိပေး တားမြစ်ထားပြီး လုံခြုံရေးအဖွဲ့ရဲ့ တားမြစ်တာကို လက်မခံဘဲ အတင်းဝင်လာသူကို လေးခွ၊ ရာဘာကြည်နဲ့ ပစ်ခွင့်ပေးထားတယ်လို့ မြို့တော်ဝန်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီဇင်ဘာလဆန်းက စတင်ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီကနေ့အထိ သေဆုံးသူ ၃၀၅ ဦးနဲ့ ရောဂါကူးစက်ခံရသူ ဦးရေ ၁၄၀၀၀ ကျော် ရှိပြီလို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က သိရပါတယ်။ ကိုရိုနာဗိုင်းပ်စ်ဟာ တရုတ်နိုင်ငံတင်မကဘဲ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပါတယ်။ Photo - Kaung Zaw Hein / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024