Homeမြန်မာသတင်း
သွေးချင်းတို့ရဲ့ပွဲတော်တွင် ကယားရိုးရာ တံခွန်တိုင် စိုက်ထူမှု ကယားလီဖုလူငယ်အဖွဲ့ ကန့်ကွက်
သွေးချင်းတို့ရဲ့ပွဲတော်တွင် ကယားရိုးရာ တံခွန်တိုင် စိုက်ထူမှု ကယားလီဖုလူငယ်အဖွဲ့ ကန့်ကွက်
နော်နိုရင်း
·
February 1, 2020
ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်မှာ ကယားရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင် စိုက်ထူလိုက်တဲ့အပေါ် ကယားလီဖုလူငယ်အဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ကေ့ထျိုးဘိုးပွဲတော်ဟာ ကယားလူမျိုးတို့ရဲ့ ရှေးပဝေသဏီကပင် လက်ဆင့်ကမ်းကျင်းပလာခဲ့တဲ့ ရိုးရာ ဓလေ့ပွဲတော်ဖြစ်ပြီး နှစ်စဉ် မတ်လနဲ့ ဧပြီလအတွင်းမှာ သာ ကျင်းပလေ့ရှိပါတယ်။
အခုလို အချိန်အခါမဟုတ် စိုက်ထူတဲ့အပြင် အဲဒီတံခွန်တိုင်ကို ပြန်လည်နုတ်ယူ ရွှေ့ပြောင်းစိုက်ထူမယ့်အပေါ် ရိုးရာဓလေ့နဲ့ ဆန့်ကျင်နေတဲ့အတွက် အခုလို ကန့်ကွက်ရတာလို့ ကယားလီဖုလူငယ်အဖွဲ့ ဥက္ကဋ္ဌ ခူးတလေပိုးရယ်က ပြောပါတယ်။
အဓိက က ၃ ချက်ရှိတယ်။ ပထမအချက်က သူ့ရဲ့အချိန်အခါ မဟုတ်ဘူးပေါ့နော်။ မတ်လ ဒုတိယအပတ်၊ တတိယပတ်လောက်မှ စတယ်၊ ပြီးတော့ ဧပြီလေပေါ့၊ အဲလို လုပ်လေ့ရှိတယ်။ နောက်တချက် ကျနော်တို့ ရိုးရာ ကေ့ထျိုးဘိုးက ကျနော်တို့ စိုက်လိုက်ပြီဆိုရင် ပူဇော်ပသတာတွေ လုပ်လုပ်၊ မလုပ်လုပ် စိုက်လိုက်ပြီဆိုရင် ပြန်နုတ်လို့ မရဘူး။ နုတ်ရိုးထုံးစံမရှိဘူး။ နောက်တခုက ကေ့ထျိုးဘိုး စိုက်ထူဖို့အတွက် ဦးဆောင်ပြင်ဆင်ရတဲ့ နတ်ဆရာတွေရယ်၊ လူထုတချို့ရယ်၊ ကျနော်တို့ ဒီတွေ့ဆုံညှိနှိုင်းပြီးတော့မှ မလုပ်ဖို့ ပြောတယ်။ ဒါပေမဲ့ အဲဒါကို လျစ်လျူရှုပြီးတော့ ဖြစ်အောင် လုပ်တာပေါ့။”
ဒီလိုအချိန်အခါမဟုတ်ဘဲ ကေ့ထျိုးဘိုး စိုက်ထူတဲ့အပေါ် ကယားလူထုတွေအနေနဲ့ မကောင်းတဲ့ အခြေအနေ၊ ပြဿနာတစုံတခု ဖြစ်လာမှာကို စိုးရိမ်ကြောင်းလည်း ပြောပါတယ်။
“ကျနော်တို့ရဲ့ စိုးရိမ်မှုက ဘာလဲဆိုရင် ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုလို့ ပြောတဲ့အခါမှာ ကျနော်တို့ကို promote လုပ်ပေးမယ်ဆိုရင် ရိုးရာအတိုင်းပဲ လုပ်ပေးတာက ပိုပြီးတော့ ကောင်းပါတယ်။ အစဉ်အလာမဟုတ်ဘဲနဲ့ ဒီလိုမျိုး လုပ်တာကတော့ လမ်းကြောင်းလွဲတယ်လို့ ပြောချင်တာပေါ့။ သူ့အချိန်အခါနဲ့ လုပ်ရတယ်။ မလုပ်လို့ရှိရင်တော့ ကျနော်တို့က စိုးရိမ်မှုရှိတယ်။ ဘာဖြစ်မလဲ ဆိုတာကတော့ ကျနော်တို့တော့ သေချာပြောလို့မရဘူး။ အရင်တုန်းက ရွာထဲမှာ အချိန်အခါမဟုတ် မောင်းထုရင်တောင်မှ တခါတလေ ရွာထဲမှာ ပြဿနာတစုံတရာ တက်ခဲ့ဖူးတာ ရှိတာပေါ့နော်။ အဲလိုမျိုးဖြစ်ခဲ့လို့ ကျနော်တို့ လူကြီးပိုင်းတွေရော၊ လူငယ်ပိုင်းတွေကော စိုးရိမ်မှုရှိလို့ ကျနော်တို့ ဒီကိစ္စကို ပြောရတာပေါ့နော်။ အဓိက ပြဿနာတခုခု ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တာပေါ့။ အခုပြည်နယ်အဆင့် လုပ်တယ်ဆိုတော့ ကျနော်တို့ ပြည်နယ်အတွက် နိမိတ်မကောင်းဘူးလို့ ပြောလို့ရတာပေါ့။”
ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို ကယားပြည်နယ်က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ကယားပြည်နယ်ရဲ့ ရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ကို ဖွင့်ပွဲအခမ်းအနားမှာ စိုက်ထူတာ ဖြစ်ပါတယ်။