Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမား ၁၂၀၀ ခန့်နေရပ်ပြန်
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမား ၁၂၀၀ ခန့်နေရပ်ပြန်
DVB
·
January 30, 2020
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၂၀၀ လောက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်စပ်ဂိတ်တွေကနေတဆင့် သူတို့ရဲ့ ဆန္ဒနဲ့အညီ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဖြစ်ပွားနေတဲ့ ပြင်းထန်အဆုတ် ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ယူနန်ပြည်နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေက နေရပ်သို့ ပြန်လိုကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဆက်သွယ်အကူအညီ တောင်းခံခဲ့ကြတာဖြစ်ပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ညှိနှိုင်းပြီး ပေါင်စန်းပြည်နယ်ခွဲမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၀၅၇ ဦးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အတွင်း ကန်ပိုက်တီးနယ်စပ်ဂိတ်က တဆင့်ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီ ၂၉ ရက်ကလည်း တဲဟုန်ပြည်နယ်ခွဲမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၂၈ ဦးကို ရွှေလီ-မူဆယ် နယ်စပ်ဂိတ်ကတဆင့် နေရပ် ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသား ၆၃ ယောက်ကိုလည်း မြန်မာအစိုးရက အထူးလေယာဉ်နဲ့ ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။