Home
မြန်မာသတင်း
ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသား ၆၀ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရ ကြိုးပမ်းနေ
DVB
·
January 27, 2020
Wuhan University
ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာ ကျောင်းသူ ကျောင်းသား ၆၀ ကို အမြန်ပြန်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့  မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်က သတင်းထုတ်ပြန်ပါတယ်။ လတ်တလော ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန် ဖြစ်ပွားနေတဲ့ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ မြန်မာ ကျောင်းသား ကျောင်းသူ ၆၀ အတွက် ပေကျင်းမြို့မှာ ရှိတဲ့ မြန်မာသံရုံးက ဆက်သွယ်ဆောင်ရွက်ပေးနေပြီး ကျောင်းသားတွေ စားရေး သောက်ရေး အခက်အခဲ မရှိစေဖို့ တပတ်စာ အစားအစာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ပေးပို့ထားတယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးတို့က လိုအပ်တဲ့ စီမံမှုတွေကို တရုတ်နိုင်ငံက သက်ဆိုင်ရာ တာဝန်ရှိသူတွေ အဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေပြီး အခြေအနေပေးတာနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဝူဟန်ရောဂါထိန်းချုပ်ဖို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ ပန်းခြံ၊ ဟိုတယ်နဲ့ ခန်းထိုက်ကစားဝိုင်းတွေ အားလုံးကို ခေတ္တပိတ်ထားမယ်လို့ ရွှေလီမြို့ပြည်သူ့အစိုးရက ကြေညာထားပါတယ်။ ဒါ့အပြင် လူစုလူဝေးနဲ့ ကျင်းပမယ့် အခမ်းအနားတွေနဲ့ ပွဲလမ်းသဘင်တွေကိုလည်း ပိတ်ထားမယ်လို့ သိရပါတယ်။ ရွှေလီမြို့ အဝင်အထွက် နေရာတွေမှာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး တယ်ဟုန်တိုင်းနယ်မြေအတွင်း နေထိုင်သူ မဟုတ်သူတွေ ချက်ချင်း နေရပ်ပြန်ကြဖို့နဲ့  ရွှေလီမြို့ အခြေအနေ ပြန်လည်တည်ငြိမ်သွားမှသာ လာရောက်လည်ပတ်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးအချက်အချာမြို့ဖြစ်တဲ့ တရုတ်-နယ်စပ်မြို့တွေနဲ့  ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာလည်း တရုတ်နိုင်ငံသားတွေကို အဓိကထားပြီး နယ်စပ် ဝင်ပေါက်ကနေ ဝင်လာသမျှ နိုင်ငံခြားသားတွေကို ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးတာတွေကို ဆောင်ရွက်နေတယ်လို့ နယ်စပ်မှာ တာဝန်ကျနေတဲ့ မြန်မာကျန်းမာရေးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။  တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ကူးစက်တဲ့ ပြင်းထန်အဆုတ်ရောင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီ ၂၇ ရက်ထိ သေဆုံးသူ အရေအတွက်ဟာ ၈၀ လောက်ရှိသွားပြီ ဖြစ်ပြီး တရုတ်နိုင်ငံတဝန်း ရောဂါကူးစက်နေရသူပေါင်း  အယောက် ၂၃၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။  ဓာတ်ပုံ- Wuhan University

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013