Homeမြန်မာသတင်း
ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းသုံးစွဲနည်းသင်တန်း စစ်ကိုင်းတိုင်းတွင် ပြုလုပ်
ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းသုံးစွဲနည်းသင်တန်း စစ်ကိုင်းတိုင်းတွင် ပြုလုပ်
Aung Ko Latt
·
January 8, 2020
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရဲ့ စီမံချက်နဲ့ တိုင်းအတွင်း ခရိုင်အလိုက် ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းသုံးစွဲနည်း သင်တန်းတွေကို ပြုလုပ်နေပါတယ်။
မုံရွာခရိုင်အတွင်းမှာလည်း ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၉ ရက်နေ့ထိ ၃ ရက်ကြာ သင်တန်းကို မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်ထောင်စုလမ်းမကြီးအကြားရှိ ကန်သာယာအတွင်းမှာ ပြုလုပ်နေတာပါ။
ဒီသင်တန်းကို မုံရွာခရိုင်မီးသတ်ဦးစီးဌာနက ဝန်ထမ်းတွေ၊ ချောင်းဦး၊ ဘုတလင်၊ မုံရွာ၊ အရာတော် စတဲ့မြို့နယ်က ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတက်ရောက်နေ ပါတယ်။ သင်တန်းမှာ စပိဘုတ်မောင်းနည်း၊ ရေကူးနည်း၊ ရေပြင်မီးငြှိမ်းသတ်နည်း၊ ရေငုတ်နည်း၊ ခေတ်မှီရေအောက်ရှာဖွေကယ်ဆယ်ရေးကိရိယာ အသုံးပြုနည်း၊ ကြိုးပစ်ကိရိယာအသုံးပြုနည်း စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း မုံရွာခရိုင်အတွင်းမှာ ရှာဖွေကယ်ဆယ်ရေးအနေနဲ့ ရေပြင် ၂၂ ကြိမ်၊ မြေပြင် ၂၁ ကြိမ်ပြုလုပ်ခဲ့ရပြီး ရေနစ်သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။
သင်တန်းနည်းပြ ဒုမီးသတ်ဦးစီးမှူ ဦးတင်ကိုကိုက “ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့်ပဲ ဖြစ်ဖြစ်၊ လူကြောင့်ဖြစ်တဲ့ ဘေးပဲဖြစ်ဖြစ် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့အနေနဲ့ အလျင်အမြန် တုံ့ပြန်ကူညီဆောင်ရွက်နိုင်အောင် အခုလို သင်တန်းတွေ လုပ်ရတာဖြစ်ပါတယ်။ ဒီလိုသင်တန်းတွေတင်မက ဌာနတွင်းမှာ ပုံမှန်သင်တန်းတွေ ကိုလည်း လုပ်ဆောင်နေပါတယ်။ လှေမောင်းဆိုလည်း ရှာဖွေကယ်ဆယ်ရေးသမားတိုင်း မောင်းနိုင်အောင်၊ အားလုံး ရေးကူးတတ်အောင်၊ ခေတ်မှီပစ္စည်းတွေ သုံးတတ်အောင် တိုင်းမီးသတ်ဦးစီးမှုးရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြုလုပ်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။
မီးလောင်မှုအနေနဲ့လည်း စစ်ကိုင်းတိုင်းတခုလုံးမှာ ၂၀၁၉ ခုနှစ်အတွင်း ၂၀၃ ကြိမ်ဖြစ်ပွား ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ကျပ်သိန်းပေါင်း ၂၃၀၀ နီးပါး ရှိခဲ့ကာ လျှပ်စစ်မီးက အများဆုံးဖြစ်ပါတယ်။ မီးလောင်မှုတွေထဲမှာ တမူးခရိုင်က ၃ ကြိမ်သာရှိခဲ့ပြီး မုံရွာခရိုင်ကတော့ ၅၆ ကြိမ်ထိ အများဆုံးရှိခဲ့ကာ ကျပ်သိန်းပေါင်း ၁၁၀၀ ကျော်ဆုံးရှုံးခဲ့ပါတယ်။
လက်ရှိမှာလည်း လာမယ့် နွေရာသီအတွက် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး၊ အသိပညာပေးရေးတွေကို အရင်နှစ်တွေထက် ပိုမိုလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ခရိုင်မီးသတ် ဦးစီးမှူး က ပြောဆိုထားပါတယ်။