Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာက ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် 
DVB
·
December 30, 2019
YoeTaYote Rakkhine
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှာ ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာ ၂၈ ရက် ညနေက ဒေသခံရွာသား ၃၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။ "၂၈ ရက်နေ့က ရွာထဲမှာ နေရာယူထားတယ်။ ရွာပြင်ကလည်း ဝိုင်းထားတယ်။ ရွာအတွင်းကနေပြီး အာပီဂျီလောင်ချာကျည်တွေ ပစ်တယ်။ ရွာသူရွာသားတွေ ညတွင်းချင်း ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးသွားကြရတယ်"လို့ ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်ကတည်းက တပ်မတော်စစ်ကြောင်းတွေက ယိုးတရုပ်ရွာကို ရောက်လာပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။    ယိုးတရုတ်ကျေးရွာနေ ရပ်မိရပ်ဖ ဦးမိုးသီးက "စစ်တပ်က ရွာက နေအိမ်တွေမှာ ဝင်နေကြပါတယ်။  အိမ်သားတွေက ခွင့်ပြုတာလည်း မဟုတ်ပါဘူး။ နေအိမ် တအိမ်မှာ ၇ ဦး၊ ၈ ဦး နေတာရှိတယ်။ ၉ ဦး ၁၀ ဦး နေတာ ရှိတယ်။ ယိုးတရုပ်ရဲ့ အရှေ့ အနောက် တောင် မြောက်နဲ့  ရွာအလယ်တွေမှာ ဖြန့်ကြက်ပြီး နေရာယူကြတယ်။ ညအချိန်ကျရင် ယိုးတရုပ်ကျေးရွာထဲကို ကင်းလှည့်တယ်။ နောက် ရွာအပြင်ဘက်ရဲ့စခန်းကနေ ရွာအပြင်ကို လက်နက်ကြီးတွေ ပစ်နေတော့ ရွာသူရွာသားတွေ ဘယ်နေဝံ့တော့မလဲ။  ထွက်ပြေးကြတာပေါ့"လို့ ပြောပါတယ်။ ယိုးတရုပ်ရွာ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ယိုးတရုပ်ကျေးရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ ညမထွက်ရ အမိန့်နဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့တွေထဲမှာ ပါဝင်ပါတယ်။ ယိုးတရုပ်ကျေးရွာဟာ မြို့အဖြစ် တိုးမြှင့်ဖို့ ပြည်ထဲရေးကို တင်ပြတောင်းခံထားတဲ့ ကျေးရွာကြီးလည်းဖြစ်ပြီး အိမ်ထောင်စု ၁၃၀၀ ကျော် လူဦးရေ ၆၀၀၀ ကျော် နေထိုင်ကြပါတယ်။ ယိုးတရုပ်ကျေးရွာဟာ ရန်‌ကုန်‌-စစ်‌‌တွေ ကားလမ်းမ‌ပေါ်မှာ တည်ရှိပြီး တိုက်‌နယ်‌‌ဆေးရုံ၊ ရဲစခန်းနဲ့ အထက်တန်းကျောင်းတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတာ တနှစ်လောက် ကြာမြင့်နေပြီဖြစ်ပြီး  နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တသိန်းနီးပါးရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024