အေအေ ဖမ်းဆီးသွားသည့် လ.ဝ.က အရာရှိ ၃ ဦး၏ အသက်အန္တရာယ်အတွက် စိုးရိမ်
DVB
·
December 25, 2019
အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် အရာရှိ ၃ ဦးရဲ့ အသက်အန္တရာယ်အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေက အထူးစိုးရိမ်နေကြပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေ လ.ဝ.ကရုံး လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင်၊ လက်ထောက်လ.ဝ.ကမှူး ဦးမျိုးဆွေဦးနဲ့ လက်ထောက် လ.ဝ.ကမှူး ဦးအောင်ဖြိုးကျော်တို့ ဖြစ် ပါတယ်။
အဆိုပါ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ တောင်ဘဇာ လ.ဝ.က ရုံးအရာရှိ တဦးက “သူတို့က ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီလောက်မှာ ဘူးသီတောင်မြို့မှ တောင်ပဇာ လိုင်းဆွဲနေတဲ့ ဦးစိုးချေ မောင်းတဲ့စက်လှေနဲ့ ဒေသခံ တခြားခရီးသည် ၁၈ ဦးနဲ့အတူ စီးနင်းလိုက်ပါတာပါ။ နေ့လယ် ၃ နာရီအချိန်မှာ တောင်ပဇာကျေးရွာမရောက်ခင် ကျောက်စရစ်ကျေးရွာအနီးမှာ ကြိုတင်သတင်းရထားတဲ့ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်နေကြပါတယ်” လို့ ပြောပါတယ်။
ခွင့်ယူထားတာကနေ ပြန်လာတဲ့ တောင်ဘဇာနယ်မြေရုံး တာဝန်ကျ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်ကို ဦးအောင်ကျော်ဖြိုးနဲ့ ဦးမျိုးဆွေဦးတို့က ဘူးသီးတောင်မြို့မှာ သွားရောက်ကြိုဆိုပြီး စက်လှေနဲ့ ပြန်လာစဉ်မှာ အေအေလက်နက်ကိုင် ၅ ဦးက စက်လှေကိုတားပြီး ဖမ်းဆီးသွားတာလို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေလှအောင်ကတော့ “လက်ထောက်ညွှန်မှူး ဦးတင်မျိုးက ခွင့်ပြန်တာပါ။ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဘူးသီးတောင်ကို ပြန်ရောက်လာတယ်။ သူတာဝန်ကျရာ တောင်ဘဇာကျေးရွာကိုသွားဖို့ ၂၃ ရက်နေ့မှာ တောင်ဘဇာ ကိုသွားတဲ့ စက်လှေမရှိလို့ ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သွားကြတာပါ။ သူ့ကို လာကြိုတဲ့ လ.ဝ.က အရာရှိ ၂ ဦးနဲ့အတူ ပြန်ကြတာလို့ သိရတယ်။ ဖမ်းဆီးသွားတာ အေအေအဖွဲ့လား၊ ဘယ်အဖွဲ့လဲဆိုတာ လက်တွေ့မျက်မြင်မဟုတ်တော့ ပြောဖို့ခက်ပါတယ်” လို့ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိန်၊ ဆယ်အိမ်မှူးဦးမောင်စံလှနဲ့ အ.မ.က မြောက်ချောင်းမှ ကျောင်းဆရာ ဦးဆင်ဟုန်(ခေါ်)ဦးသာဦးတို့ကို အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အခုလို လ.ဝ.က အရာရှိတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အေအေအဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကောင်းကောင်း