ထိုင်းရောက် မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
စိုးမိုးအောင်
·
December 15, 2019
ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ အလုပ်သမား အခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ နာရေးကူညီမှုအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီရှိနေသလို ပြည်ပမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောဆိုခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာလုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေသလို အသတ်ခံရတာ၊ သေဆုံးတာနဲ့ အထောက်အထားရှိလျက်နဲ့ အချုပ်ခံနေရတာတွေ ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ပြည်တွင်း ပြည်ပ လုပ်သားတွေအတွက် ရှိပြီးသား ဥပဒေတွေကို ပြင်ဆင်ဖို့ လေ့လာသုံးသပ်နေသလို အိမ်အကူဆိုင်ရာ လုပ်သားဥပဒေ ပြဋ္ဌာန်းနိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း အမှန်မရှိတာနဲ့ ပြည်ပမှာ အလုပ်လျှောက်ထားဖို့ ပတ်စ်ပို့ အခက်အခဲတွေ ရှိနေတာကြောင့် အထောက်အထားမဲ့ သွားလာမှုကို ရွေးချယ်နေတာလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILOက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်က ရေးဆွဲထားတဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဟာ ခေတ်နဲ့မကိုက်ညီဘဲ ပြောင်းလဲမှုတွေ ရှိနေတာကြောင့် ခိုင်မာအားကောင်းတဲ့ ဥပဒေအသစ်တွေနဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ ILO နည်းပညာ အကြံပေးအရာရှိ Ms.Jacqueline Pollock က တိုက်တွန်းပါတယ်။
၁၉၉၉ ခုနှစ် ဥပဒေဟာ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ ကာကွယ်ပေးမှု မပါသလို ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မူဝါဒရေးထားတာမရှိလို့ ပြင်ဆင်ပေးဖို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့မှ ဒေါ်သက်သက်အောင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အလုပ်သမား ၂ သန်းလောက်ဟာ မြန်မာအစိုးရက ထုတ်ပေးထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး အဲဒီလက်မှတ်တွေဟာ ၂၀၂၀ မတ်လမှာ သက်တမ်းကုန်တော့မယ်လို့ ILO က ဆိုပါတယ်။