၁ လကျော်ကြာ ဆေးကုနေရသူ မန်းဝန်ကြီးချုပ် တာဝန်ပြန်ထမ်းဆောင်တော့မည်
DVB
·
December 8, 2019
ထိုင်းနိုင်ငံကို သွားရောက်ပြီး ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ကျန်းမာရေး ကောင်းလာနေပြီဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း တာ၀န် ပြန်လည်ထမ်းဆောင်နိုင်တော့မယ်လို့ ယာယီ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးဇာနည်အောင်က ပြောပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ အောက်တိုဘာ ၂၄ ရက်နောက်ပိုင်းကတည်းက ဆေးကုသမှု ခံယူခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံကနေ ပြန်ရောက်မလာသေးဘူးလို့လည်း သိရပါတယ်။
၁ လကျော်ကြာ ဆေးကုသမှုခံယူကာ တာဝန်တွေကနေ ခေတ္တအနားယူပြီးတဲ့နောက် သက်သာလာပြီလို့ ဦးဇာနည်အောင်က ပြောပါတယ်။
"တို့က သူ့ကို ကုသတဲ့ ဆရာဝန်မဟုတ်တော့ ရက်စွဲနဲ့ အတိအကျပြောဖို့ ခက်တယ်၊ သို့သော်လည်းပဲ ရက်ပိုင်းအတွင်း ဆရာ ပြန်ပြီးတော့ သူ့တာဝန်တွေကို ထမ်းဆောင်မယ်လို့ တို့တတွေ ခန့်မှန်းလို့ ရပါတယ်"လို့ ဦးဇာနည်အောင်က ဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ NLD ပါတီတာ၀န်ရှိသူတွေက အတည်ပြုပြောကြားထားပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့၀န်ကြီးချုပ်တာဝန်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌအဖြစ်လည်း တာ၀န်ယူဆောင်ရွက်နေတာပါ။
ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေဆဲ ကာလအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေး၀န်ကြီး ဦးဇာနည်အောင်က ယာယီ၀န်ကြီးချုပ် အဖြစ် တာ၀န်ယူနေတာပါ။
ထိန်ထိန်လင်း၊ ဓာတ်ပုံ-ဒေါ်ယုယုမေ ဖေ့စ်ဘွတ်ခ်