နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး မြန်မာ-တရုတ် ဆွေးနွေး
DVB
·
December 8, 2019
သမ္မတနဲ့ အတိုင်ပင်ခံတို့ဟာ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနဲ့ သီးခြားစီတွေ့ဆုံပြီး နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၇ ရက်က ညနေပိုင်းက သမ္မတအိမ်တော်ရဲ့ သံတမန်ဆောင်မှာ တနာရီခြားစီ လက်ခံတွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အခြေခံပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖို့တို့နဲ့ စပ်လျဉ်းပြီး တလှည့်စီ ဆွေးနွေးခဲ့ကြပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်မယ့် သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပဖို့နဲ့ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံမှု ထူထောင်ဖို့၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အမြန်ဆုံးအကောင်အထည်ဖော်ဖို့၊ နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ထောင်ရေးဆိုင်ရာ စီမံကိန်းတွေ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့တို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။