မိုင်းတုံမြို့နယ် ကျောင်း ၄၂ ကျောင်းအတွက် မူလတန်းပြ ၈၅ ဦး ခန့်အပ်
DVB
·
December 8, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၄၂ ကျောင်းမှာ လိုအပ်နေတဲ့ မူလတန်းပြ ဆရာ၊ ဆရာမ ၈၅ ယောက်ကို ခန့်အပ်ခဲ့ပါတယ်။
မြို့နယ်အတွင်းက တက္ကသိုလ်ဝင်တန်း သင်ကြားဖူးသူနဲ့ အထက်တန်း ပညာအရည်အချင်း ရှိသူတွေကို လျှောက်လွှာခေါ်ယူကာ စာတွေ့ လက်တွေ့စိစစ်ရွေးချယ်ပြီး နေ့စား လပေး သင်ကြားရေး ဝန်ထမ်းတွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ကာ ခန့်အပ်ခဲ့တာလို့ ပညာရေးမှူး ဒေါ်လင်းမြက ပြောပါတယ်။
အဲဒီနေ့စားလပေး မူလတန်းပြဆရာတွေထဲမှာ တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူ ၂ ဦး၊ တက္ကသိုလ်ဝင်တန်းအောင် ၂၈ ဦး၊ တက္ကသိုလ်ဝင်တန်း တက်ရောက်သင်ကြားဖူးသူ ၅၅ ဦး ရှိပါတယ်။
ရှမ်းပြည်နယ်အခြေခံပညာ(ကျိုင်းတုံ)က ခန့်အပ်ပေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရက ဝန်ထမ်းလစာအတွက် သီးခြားအစီအစဉ် ရန်ပုံငွေနဲ့ ထောက်ပံ့ပေးတာလို့ သိရပါတယ်။
မိုင်းတုံမြို့နယ်ထဲက အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလတန်းလွန် ၂ ကျောင်း၊ မူလတန်းကျောင်း ၃၅ ကျောင်းအနက် လိုအပ်နေတဲ့ မူလတန်းပြအင်အား ရာနှုန်းပြည့် ဖြည့်တင်းခန့်အပ်နိုင်ခဲ့ပါတယ်။