ထိန်းသိမ်းစောင့်ရှောက်ရမည့် အင်းတော်ဒေသက ရှေးဟောင်းအမွေအနှစ်များ
Aung Ko Latt
·
December 3, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ များစွာ ကျန်ရှိနေပါသေးတယ်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေက မသမာသူတွေကြောင့် ပျောက်ကွယ်သွားတာတွေ ရှိနေသလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာကြောင့်လည်း အချိန်မတိုင်မီ ပျောက်ပျက်သွားတာတွေ ရှိနေပါတယ်။ ရှေးဟောင်းပစ္စည်းတွေကိုတော့ ဒေသခံတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ ကိုယ့်အားကိုယ်ကိုး ထိန်းသိမ်းတာတွေတော့ရှိပါတယ်။
သို့သော်လည်း ထိန်းသိမ်းမှုအပိုင်းမှာ အားနည်းချက်တွေရှိနေပြီး ပညာရှင်တွေရဲ့ အကူအညီတွေအပြင်၊ စနစ်တကျထားနိုင်ရေး ငွေကြေးအကူအညီတွေလည်း လိုအပ်နေပါတယ်။ အင်းတော်မြို့နယ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လို့ ပြောရင် မာဃဒေဝလင်္ကာကျမ်းကို ပြုစုခဲ့တဲ့ ရဟန်းပညာရှိ မန်လည်ဆရာတော်ဘုရားကြီး အရှင်ဇဝန သီတင်းသုံးခဲ့ရာ မန်လည်ကျောင်းတိုက်ကလည်း ချန်လှပ်ထားလို့ မရပါဘူး။
မန်လည်ကျောင်းတိုက်က အင်းတော်မြို့နဲ့ ၅ မိုင်ခန့်အကွာ မန်လည်မြို့ဟောင်းမှာ ရှိပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်က ဘဝနတ်ထံပျံလွန်တော်မူခဲ့ ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်က ယနေ့ထိတိုင် မပုပ်မသိုးဘဲ ရှိနေတာကြောင့် ပြည်တွင်းက ဘုရားဖူးခရီးသည်တွေတင်မက နိုင်ငံခြားသားတွေလည်း လာရောက်ဖူးမျှော်ကြည့်ရှုပါတယ်။
ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာမှာ အသုံးပြုခဲ့တဲ့ မှန်စီရွှေချ ရထားဘီးတွေ၊ ခေါင်းတလားတွေ၊ ပြဿဒ်တွေ၊ အသုံးအဆောင်တွေဟာလည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတဲ့အတွက် တချို့ပျက်စီးတာတွေရှိနေပါတယ်။
ရှေးဟောင်းပစ္စည်းတွေကို မှန်ဘီဒိုတွေမှာထည့်ပြီး သိမ်းထားတာရှိပေမယ့်တချို့ကတော့ ရှေးဟောင်းပစ္စည်းမဟုတ်တာတွေနဲ့ပါ ရောနှောထည့်သွင်းထားတာတွေလည်း ရှိနေပါတယ်။
ဒီထက်မက စနစ်တကျ အချိန်မှီထိန်းသိမ်းနိုင်မှသာ ရှေးဟောင်းပစ္စည်းတွေက ရန်သူမျိုး ၅ ပါးဘေးက လွန်မြောက်ပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်။ အင်းတော်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းတွေ နေရာတော်တော်များများမှာ ရှိနေပါသေးတယ်။
မန်လည်မြို့နဲ့ ၂ မိုင်ခန့်အကွာ၊ အင်းတော်မြို့နဲ့ ၇ မိုင်ခန့်အကွာရှိ တံခွန်တိုင်ရွာက တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းတိုက်မှာလည်း ရှေးနှစ်ပေါင်း ၂၀၀ ခန့်က ကျွန်းတပင်ထဲသားကို ထွင်းထားတဲ့ ပိန်းကောလှေကြီးအပါအဝင် ဂျပန်ခေတ်က အသုံးအဆောင်ပစ္စည်းတွေလည်း စုဆောင်း ထိန်းသိမ်းထားပါတယ်။
ပိန်းကောလှေကြီးကိုတော့ သစ်သားကျောင်းဆောင်ကြီးအောက်ဖက်မှာ တခြားသော ပိန်းကောလောင်းလှေအသေးတွေနဲ့အတူ ထားရှိပါတယ်။ ပိန်းကောလှေကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်ကတည်းက ကတူးလူမျိုးတွေရဲ့ သမိုင်းနဲ့လည်း ဆက်စပ်နေပါတယ်။
အရှည် ၃၇ တောင် (၅၅ ပေ၊ ၆ လက်မ)၊ အနံ ၆ ပေ ကျယ်ဝန်းတဲ့ သစ်တလုံးထွင်း စေတီ အမည်ရ ပိန်းကောလှေကြီးမှာ ဝမ်းဗိုက်ပိုင်း အက်ကွဲရာတွေ ရှိနေလို့ လှေပေါ်ကိုတော့ လူတွေ အတက်မခံတော့ဘူးလို့ သိရပါတယ်။ လှေကြီးအပြင် လှေကြီးမှာ အသုံးပြုခဲ့တဲ့ လှော်တက်တွေ၊ ပဲ့နင်းတွေကိုလည်း ရှေးဟောင်းပစ္စည်းတွေ စုပုံထားတဲ့ အခန်းထောင့်မှာ စနစ်တကျပုံစံမျိုး မဟုတ်ဘဲ စုပုံ ထောင်ထားတာကို တွေ့ခဲ့ရပါတယ်။
အဆိုပါလှေကြီးကို မဲဇာချောင်းတလျှောက်မှာ အသုံးပြုခဲ့တယ်လို့ ဂေါပကလူကြီးတဦးက ရှင်းပြပါတယ်။ ဒီပိန်းကောလှေကြီးအပြင် တခြားပိန်းကော လောင်းလှေအသေး ၂ စီး၊ သမ္ဗာန် ၂ စီးတို့နဲ့အတူ ကျောင်းတိုင်ပေါင်း ၁၀၄ တိုင်ပါဝင်တဲ့ နှစ်ပေါင်း ၆၀ နီးပါးရှိ ရှေးကျောင်းကြီးအောက်မှာ ထားရှိပြသထားပါတယ်။
ရှေးဟောင်းပစ္စည်းတွေထားတဲ့ အုတ်ကျောင်းတိုက်မှာလည်း ဂျပန်ခေတ်က စစ်လက်နက်ပစ္စည်းအသုံးအဆောင်တွေ၊ ဆင်အံလို့ ယူဆရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအပြင် တခြားသော ရှေးဟောင်းအသုံးအဆောင်တွေများစွာကိုလည်း လက်ရှိကျောင်းထိုင်ဆရာတော် ဦးဝိလာသက္က က ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
ဒါ့အပြင် အင်းတော်- ဗန်းမောက်သွားရာလမ်းဘေးတနေရာမှာ ကတူးလူမျိုးတွေရဲ့ ခေါင်းဆောင် နေမျိုးသုဝဏ္ဏတန်ဆောင်ဘွဲ့ခံ ကတူးအမျိုးသား ရွှေဝန် ဦးကွတ္တိရဲ့ ဆင်ချည်တိုင် နေရာကိုလည်း မူလနေရာက ကမ်းပါးပြိုတဲ့အထဲပါသွားတဲ့အတွက် နေရာအသစ်မှာ ပြောင်းရွှေ့ကာ ထိန်းသိမ်းထားပါတယ်။
အင်းတော်မြို့နယ်မှာ အခုလို ရှေးဟောင်းပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ အဆောက်အဦ တွေအပြင် စုစည်းထိန်းသိမ်းစရာတွေလည်း အများကြီးကျန်နေပါသေးတယ်။
တိုင်းဒေသကြီးအစိုးရ ကတော့ ဂျပန်ခေတ်အတွင်းအသုံးပြုခဲ့တဲ့ မြို့ဖြူခံတပ်၊ ဂျပန်မြေအောက်ဆေးရုံ စတာတွေကို ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေး ဖော်ဆောင်နေပါတယ်။ အင်းတော်မြို့နယ်က ကတူး၊ ကနန်း၊ ရှမ်း၊ ဗမာ အများစု စုပေါင်းနေထိုင်ကြတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။