မြောက်ဦးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ၅ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
December 1, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာမှာ ဒီနေ့မနက် ၈ နာရီလောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၅ ယောက်ဒဏ်ရရှိခဲ့ပြီး ၂ ယောက် အခြေအနေ စိုးရိမ်ရတယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။
မိသားစုဝင်တွေ ဒဏ်ရာရခဲ့တဲ့ ဦးအောင်စံချေက “ကျနော်တို့ရွာကို စစ်ကြောင်းဝင်လာတယ်။ ရွာကို မဝင်ခင်မှာ လက်နက်ကြီး လက်နက်ငယ်တွေ လှမ်းပစ်တယ်။ လူတွေက အကုန်ကြောက်ပြီးတော့ အိမ်အောက်တွေမှာ ပုန်းနေကြတယ်။ အဲ့ဒီမှာ လက်နက်ကြီးက ကျနော့်အိမ်ကို ကျတယ်။ မြေးနှစ်ယောက် ထိတယ်။ ပြီးတော့ သားသမီးသုံးယောက် ထိတယ်။ ၅ ယောက်မှာ ၂ ယောက်ကတော့ အခြေအနေစိုးရိမ်ရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်တာကြောင့် တင်၊ မျက်နှာ၊ လက်၊ ပေါင် စတဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ ထိခိုက်ဒဏ်ရာရရှိသွားကြတာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး မောင်ဌေးသန့်ကျော် အသက် ၁၀ နှစ်၊ မနှင်းနွယ်သန်း အသက် ၁၃ နှစ်တို့ဟာ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် အခြေအနေ စိုးရိမ်ရတယ်လို့ မိသားစုက ပြောပါတယ်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က "တပ်မတော်စစ်ကြောင်း ရွာထဲကို ပစ်ပြီးတော့ ဝင်လာတယ်လို့ပြောတယ်။ လက်နက်ကြီး ပစ်ခတ်လို့ ကလေးငယ် အပါအဝင် ၅ ယောက်ဒဏ်ရာရတယ်။ ပြီးတော့ အဲဒီရွာကိုတပ်က စစ်တယ်။ စစ်ပြီးတော့ ရွာကဒေသခံ ၄ ယောက်ကို တပ်မတော်စစ်ကြောင်းနဲ့အတူခေါ်သွားတယ်” လို့ ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီဗိုလ်မှူးကြီးဝင်းဇော်ဦးက "ဒီနေ့ မနက်မှာ ကျနော်တို့ နယ်မြေရှင်းလင်းတဲ့ စစ်ကြောင်းတကြောင်းရှိတယ်။ ရှာရှည်ပြင်ဆိုတဲ့ရွာပေါ့။ ကျနော်တို့ကတော့ နယ်မြေရှင်းလင်းမှုလုပ်တဲ့အခါမှာ အေအေသည် အဲဒီရွာထဲကနေပြီးတော့ လက်နက်ငယ်နဲ့ စပစ်တာပေါ့။ အဲ့ဒီလိုပစ်တဲ့အချိန်မှာ ကျနော်တို့ကနေပြီး ရွာထဲဝင်ပြီးတော့ ရှင်းတယ်။ အဲ့ဒီရွာမှာ အသက်အရွယ်ကြီးတဲ့သူတွေပဲ ရှိတယ်။ ဘာမှမရှိတော့ဘူး။ အဲဒီမှာတိုက်ပွဲဖြစ်ရင်း ကိုယ့်ပစ်သူပစ် ပစ်တာပေါ့။ ကျနော်တို့ကလည်းပစ်တယ်။ တိုက်ပွဲက ဘယ်လောက်မှမကြာဘူး။ နာရီဝက်ဝန်းကျင်လောက်ပဲကြာတယ်။”
ရက္ခိုင့်တပ်တော်အေအေဘက်ကတော့ အဲဒီရှာရှည်ပြင်ကျေးရွာမှာ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးလို့ ခိုင်သုခက ပြောပါတယ်။
“ကျနော်တိုနဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ ရွာသားတွေကို မေးကြည့်တဲ့အခါလည်းပဲ ရွာထဲကို သေနတ်ပစ်ပြီးတော့ ဝင်လာတယ်လို့ ပြောထားတယ်။”