ရသေ့တောင်တွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ကလေးငယ်တဦး သေဆုံး
DVB
·
November 30, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း တောင်ဦးဘုရားအနီး နွားကျောင်းနေတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦး နိုဝင်ဘာ ၃၀ နေ့ မနက် ၁၁ နာရီလောက်က မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲပြီး သေဆုံးသွားပါတယ်။
"နွားကျောင်းနေတာက ကလေးနှစ်ယောက်လို့ သိရပါတယ်။ တယောက်က ဘာမှ ဖြစ်မသွားပါဘူး။ တောင်ဦးဘုရား တောင်ကုန်းအနီး အငူမော်ဘက်ကလာရင် ကားလမ်းရဲ့ ညာဘက်မှာ ကျပါတယ်။ ဒီနေရာတွေမှာက တိုက်ပွဲဖြစ်လိုက်၊ မိုင်းပေါက်လိုက်နဲ့ ဆိုတော့ ဘယ်အဖွဲ့က ထောင်တာလည်း မပြောတတ်ပါ။ ကလေးငယ်က ဒဏ်ရာရတာ နောက်ဘက် ဦးခေါင်းပွင့်ထွက်ပြီး ဝမ်းဗိုက်ထိမှန်ပါတယ်။ အခုတော့ အငူမော်အုပ်ချုပ်ရေးမှူးက ရဲစခန်းကို အကြောင်းကြားထားပါတယ်" လို့ ဆင်ပိုက်အုပ်ချုပ်ရေးမှူး ကိုသန်းမောင်ဝင်းက ပြောကြားပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်မှာ မောင်ကျော်သက်ဦး (၁၁-နှစ်) ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး အငူမော်-မောင်တော ကားလမ်းတလျှာက်မှာလည်း မကြာခဏ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကောင်းကောင်း