Home
မြန်မာသတင်း
မြေပုံမြို့တွင် အမျိုးသမီးတဦး ပစ်ခတ်ခံရသဖြင့် သေဆုံး
ဝဏ္ဏခွာညို
·
November 10, 2019
MyayPon shooting with gun by a woman
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယောချောင်းရွာသာယာမှာ ငါးရောင်းပြီး စက်လှေနဲ့ရွာအပြန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် စက်လှေပေါ်မှာ ပါလာတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်ကျင်းမှာ ဝက်ရူးကျေးရွာက ကျေးရွာသား ၃ ယောက်ဟာ မြေပုံမြို့နယ် ရွာသာယာကျေးရွာက စက်လှေနဲ့အထွက် တပ်မတော်ဘက်ကနေ သေနတ်နဲ့ လှမ်းပစ်ခတ်ခဲ့တာလို့ သေဆုံးသူရဲ့အမျိုးသား ဦးမောင်လှအေးက ပြောပါတယ်။ “ကျနော်တို့ ငါးရောင်းလို့အပြန် ယောချောင်း ရွာသာယာကျေးရွာက စက်လှေနဲ့ ထွက်လာကြတယ်။ အဲဒီမှာ ရွာထိပ်မှာ စစ်သားသုံးယောက်တွေ့တယ် တပ်မတော်က။ အဲဒီစစ်သား သုံးယောက်က သေနတ်နဲ့ လှမ်းပစ်လိုက်တာ။ သူတို့ လှမ်းခေါ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော် မကြားဘူး။ အဲ့ဒီမှာ သေနတ်နှစ်ချက် ပစ်လိုက်တာ။ ကျနော့်ဇနီးမှာ ဘယ်ဘက်ရင်ဝမှာ ကျည်ထိသွားတယ်။ အဲဒီမှာပဲသေဆုံးသွားပါတယ်။” ဒေါ်ဦးခင်သန်း (အသက် ၃၀)  သေဆုံးသွားတာနဲ့ပတ်သက်လို့ မြေပုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီဗွီဘီကို ပြောဆိုပါတယ်။ “သူတို့က ရွာသာယာကို ငါးရောင်းဖို့ သွားတာ။ အဲ့ဒီမှာ ရွာသာယာကနေ စက်လှေကအထွက် တပ်မတော်သားတွေ သေနတ်လှမ်းပစ်လိုက်တာ။ ဇနီးဖြစ်သူ သေတယ်။ ရင်ဝမှ ာထိသွားတာ။ အလောင်းကတော့ ဝက်ရူးကျေးရွာကို ပြန်ရောက်နေပြီ။ ဒီကိစ္စ ရဲစခန်း အမှုဖွင့်တယ်။ ရဲကတော့ ဆရာဝန် စစ်ဆေးချက် ယူထားဖို့ ပြောတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကို ကျနော် အကြောင်းကြားထားပါတယ်။” အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတော့ တပ်မတော်ဘက်က အကြောင်းမဲ့သက်သက် ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ “ဒီအတိုင်းတော့ မပစ်လောက်ဘူး။ ယောချောင်းအနားမှာတော့ ကျနော်တို့ တပ်တော့မရှိဘူး‌။ ဒါပေမဲ့ ကျနော် မေးကြည့်လိုက်ပါမယ်။ တပ်ကတော့ အကြောင်းမဲ့သက်သက် ဒီအတိုင်းတော့မပစ်ဘူး။ ကျန်တာတော့ ခေါ်မေးတဲ့အခါမှာ ခြောက်လှန့်ပြီး ပစ်ခတ်တဲ့သဘောတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သေချာတာကောတ့ ကျနော်တို့ တပ်မတော် အဲ့ဒီနားမှာ မရှိဘူး။” သေဆုံးသူ ဒေါ်ဦးခင်သန်း အလောင်းကို ဝက်ရူးကျေးရွာကနေ မြေပုံမြို့ ပြည်သူ့ဆေးရုံးကို ယူဆောင်သွားပြီလို့ ဝက်ရူးကျေးရွာသားတွေက ပြောဆိုပါတယ်။  ဇနီးဖြစ်သူ သေဆုံးသွားတာနဲ့ ပတ်သက်လို့ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့သူတွေကို အရေးယူပေးဖို့ ဦမောင်လှအေးက တောင်းဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024