ဘေးမဲ့တောထဲ မောင်းလာသည့် ကားအမိုးပေါ်ထိုင်ချခဲ့သည့် တောဆင်ရိုင်းကြီး (ရုပ်သံ)
DVB
·
October 30, 2019
(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
ထိုင်းနိုင်ငံမှ ဘေးမဲ့အမျိုးသားဉယျာဉ်တခုထဲ မောင်းနှင်လာတဲ့ ကားတစီးကို ပေးမသွားဘဲ ကားအမိုးပေါ်ထိုင်ခဲ့တဲ့ တောဆင်ရိုင်းကြီးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအလယ်ပိုင်း၊ ခေါင်ရိုင်အမျိုးသားဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆင်ကြီးဟာ မောင်းလာတဲ့ ကားကို ပေးမသွားဘဲ ကားအမိုးပေါ် ခွကျော်အုပ်မိုးထားခဲ့ပြီး ရှိနေခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက် အချိန်အနည်းငယ်အကြာမှာမှ ကားက ဆင်ကြီးလက်က လွတ်အောင် မောင်းနှင်သွားနိုင်ခဲ့တာပါ။
ဒီအဖြစ်အပျက်ကြောင့် ကားအမိုးမှာ ထိခိုက်မှုရှိခဲ့ပေမယ့် ကားပေါ်ပါ အမျိုးသား ၂ ဦးကတော့ ဘာမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
သတင်းမှာတော့ တောဆင်ရိုင်းကြီးရဲ့ နာမည်ကို ဖီဒူးလို့ ဖော်ပြပြီး ဥယျာဉ်ထဲမှာ ခေါင်းမာတဲ့ ဆင်ကြီးတကောင် ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ တာဝန်ရှိသူတွေက ဘေးမဲ့ဥယျာဉ်တွင်း လာရောက်လည် ပတ်ကြတဲ့ ခရီးသွားတွေကို တောဆင်ရိုင်းတွေ အန္တရာယ်ကို သတိမူကြဖို့နဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။