NCA လေးနှစ်ပြည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 26, 2019
NCA လေးနှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၂၈ မှာ နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ သိရပါတယ်။
“အားလုံး တက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ကျနော်တို့အနေနဲ့ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အခု ကျနော်တို့ PPST ဘက်မှာ ဆိုလို့ရှိရင်လည်း ဒီမှာ ခေါင်းဆောင်ကြီးတွေ လာမယ်” လို့ ချင်းအမျိုးသားတပ်ဦး ဒု-ဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ပြောပါတယ်။
တက်ရောက်လာမယ့် ခေါင်းဆောင်တွေကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့ JICM ဆိုင်ရာ အကြိုအစည်းအဝေးရဲ့ ဆွေးနွေးချက်များကို တင်ပြပြီး ပိုမိုအဆင်ပြေချောမွေ့အောင် ကြိုးစားသွားမယ်လို့လည်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က ဆိုပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အစိုးရလက်ထက်မှာတော့ တိုင်းရင်းလက်နက်ကိုင် နှစ်ဖွဲ့က NCA မှာ ထပ်မံပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။