နီပေါသမ္မတ ပြင်ဦးလွင်နှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို သွားရောက်လေ့လာ
DVB
·
October 19, 2019
နီပေါသမ္မတ ဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၈ ရက်နေ့က ပြင်ဦးလွင်နဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နီပေါသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်း ပြင်ဦးလွင်မြို့ရှိ ရှိရိဒူရ်ဂါဒေဝီဘုရား ကျောင်းကို သွားရောက်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးတွေ ကပ်လှူပူဇော်ပြီး ဘုရားကျောင်းဝင်းအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နီပေါနိုင်ငံသမ္မတဟာ ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမမှာ နီပေါနွယ်ဖွား မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ဇီဝအသိုက်အဝန်း၊ ရှားပါးသစ်ပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေ ထိန်းသိမ်းထားမှုကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာ နီပေါနိုင်ငံသမ္မတနဲ့အဖွဲ့ဟာ အထူးလေယာဉ်နဲ့ ပြင်ဦးလွင်မြို့ကနေ ညောင်ဦးမြို့ကို သွားရောက်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အာနန္ဒာဘုရားမှာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အဆိုပါဘုရားရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာကြည့်ရှုခဲ့ပါတယ်။