Homeမြန်မာသတင်း
ဝါးခယ်မတွင် နေအိမ် ၂ လုံးမှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သည့် ဆယ်ကျော်သက် ၁ ဦးအား ဖမ်းမိ
ဝါးခယ်မတွင် နေအိမ် ၂ လုံးမှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သည့် ဆယ်ကျော်သက် ၁ ဦးအား ဖမ်းမိ
DVB
·
October 14, 2019
ဧရာ၀တီတိုင်း ဝါးခယ်မမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က နေအိမ်တွင်း ရွှေထည်ပစ္စည်းတွေ ဝင်ရောက်ခိုးယူတဲ့ ဆယ်ကျော်သက်တဦးအား ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်နေ ဦးကျော်ရဲနိုင်ဟာ ဝါးခယ်မမြို့ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေတဲ့ သားဖြစ်သူ ဘုန်းပြည့်စုံမင်းအား အောက်တိုဘာလ ၁၃ ရက်နေ့ မနက်အစောပိုင်းက သွားရောက်ကြည့်ရှုနေစဉ် နေအိမ်အတွင်း လူစိမ်း ၁ ဦး ဝင်ရောက်သွားတယ်ဆိုပြီး အိမ်နီးချင်းတဦးက ဖုန်းဆက်လို့ နေအိမ်ပြန် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ် အခန်းအတွင်းရှိ သေတ္တာသော့ပွင့်နေပြီး ရွှေဘူးတွေနဲ့ ထည့်ထားတဲ့ လက်ကောက် ၃ ကွင်း အပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ၉ မျိုး ပျောက်ဆုံးနေတာကို တွေ့ရှိရလို့ ဝါးခယ်မရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်အား ရဲစခန်းက စုံစမ်းခဲ့ရာ ဝါးခယ်မမြို့ ပတ္တမြားရပ်ကွက် ဘုရားလမ်းထောင့်မှာ ကျောပိုးအိတ် ၁ လုံး လွယ်ထားတဲ့ မသင်္ကာဖွယ် အသက် ၁၇ နှစ်အရွယ် ထက်မြတ်လင်း(ခ)ဖိုးသားကို တွေ့ရှိလို့ စစ်ဆေးမေးမြန်းရာမှ ကျောပိုးအိတ်အတွင်း ဦးကျော်ရဲနိုင်ရဲ့ နေအိမ်မှ ခိုးယူခဲ့တဲ့ ရွှေထည်ပစ္စည်းမျိုးစုံ ၉ မျိုးအပြင် ဝါးခယ်မမြို့ သံကြိုးတိုင်ရပ်ကွက် နေအိမ်တလုံးကနေ ခိုးယူခဲ့တဲ့ ငွေ ၅၁၇,၆၀၀ ကျပ်၊ လက်ကိုင် ဖုန်း ၁ လုံးနဲ့ Laptop ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ဝါးခယ်မ မြို့မရဲစခန်းက ထက်မြတ်လင်း(ခ)ဖိုးသားကို (ပ)၁၇၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ခိုးမှု) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။