ဝက်လက်တွင် ကြက်သွန်စိုက်အလုပ်သမားတစု မိုးကြိုးပစ်ခံရပြီး ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ
DVB
·
October 4, 2019
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ကွင်းအမှတ် (၃၁၄၅) မှာ အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီလောက်က ကြက်သွန်စိုက် အလုပ်သမားတစု မိုးကြိုးပစ်ခံရပြီး ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျောက်တိုင်ကျေးရွာ၊ ဒေါ်ဝိုင်ရီပိုင်ဆိုင်သတဲ့ ယာခင်းမှာ အလုပ်သမား ၇၀ လောက် ကြက်သွန်စိုက်ပျိုးနေကြချိန် ရုတ်တရက်မိုးရွာလာတဲ့အတွက် နီးစပ်ရာ တဲအတွင်းအချို့နဲ့ သစ်ပင်အောက်အချို့မိုးခိုနေကြချိန် မိုးကြိုးပစ်ခံရတာလို့ သေဆုံးသူနဲ့အတူ ထိုင်နေသူက ပြောပါတယ်။
“ကြက်သွန်စိုက်တဲ့သူတွေက အများကြီဗျ။ လူ ၇၀ လောက်ရှိတယ်၊ မိုးကျလို့ဆိုပြီး အလုပ်ခဏနား မိုးခိုကြတာ၊ ဟိုနားတစုဒီနားတစု ကိုယ့်အစုနဲ့ကိုပေါ့၊ ကျနော်တို့ ညီအကိုမောင်နှမတစုက မန်ကျီးပင်းကြီးအောက်မှာ ဝိုင်းထိုင်ပြီးနားနေကြတာ။ အခုသေတဲ့သူက မန်ကျီးပင်အခြေက အမြစ်ဆုံပေါ်မှာထိုင်တာ၊ ဝင်းခနဲဆို ကိုယ်လုံးတခုလုံးပူလောင်သွားပြီး လွင့်စင်သွားတော့တာပဲ။ နောက်သတိရလို့ ကြည့်လိုက်တော့ အပင်ခြေထိုင်နေတဲ့ ကျနော်ညီတဝမ်းကွဲက ဝမ်းလျားမှောက်လျက်ဖြစ်နေပြီး ခေါ်လို့မရတော့ဘူး” လို့ ကိုမျိုးကိုက ပြောပါတယ်။
သေဆုံးသူဟာ ချစ်ဇော်(ဘ)ဦးချစ်သန်းဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ မင်းကျီကျေးရွာသူကျေးရွာသားတွေဖြစ်ပြီး ကျောက်တိုင်ကျေးရွာမှာ ကြက်သွန် အငှားစိုက်ကြတာလည်း ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို မင်းကျီတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကြပ်မတ်ကုသ ပေးနေတာဖြစ်ပါတယ်။
“ဆေးရုံပို့လာပို့တာကတော့ ၆ ယောက်ဗျ၊ ၁ ယောက်ကတော့ ဘယ်ဘက်နားထင်က ဆံပင်မီးလောင်ဒဏ်ရာ၊ ရင်ဘက်အထက်၊ ခါး၊ ပေါင်တွေမှာအရေပြား ပေါက်ပြဲဒါဏ်ရာတွေနဲ့ သေဆုံးခဲ့တာ၊ ကျန်တဲ့ ၅ ယောက်ထဲက ၃ ယောက်က အပူလောင်ဒဏ်ရာအနည်းအကျဉ်းရပြီး ၂ ယောက်ကတော့ ထိတ်လန့်နေကြလို့ စိတ်ချရအောင် ကုသဆောင်ရွက်ပေးနေပါတယ်” လို့ မင်းကျီတိုက်နယ်ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာထက်ဝေဦးကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေပန်းကုန်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ် ၅/၂၀၁၉ နဲ့ဆောင်ရွက်ထားတယ်လို့ ရဲအုပ် သက်လင်းဦးက ပြောပါတယ်။
အောင်စံလင်း