ဘူးသီးတောင်မြို့နယ်၌ တိုက်ပွဲအကြား ပိတ်မိနေသူ ၁၁ ဦးကို အိုင်စီအာစီ ကယ်ထုတ်
DVB
·
July 30, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် ရွာသား ၁၁ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က ကယ်ထုတ်ခဲ့ရပါတယ်။
ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းမှာ မြို့နယ်အထွေထွေအုပ်လျုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ကယ်ထုတ်လာနိုင်ခဲ့တာလို့ အိုင်စီအာစီအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“ဥယာဉ်သာကျေးရွာက ဆရာတော်အပါအ၀င် အားလုံး ၁၁ ဦးပါ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။ သရက်ပြင်ကျေးရွာက တဦးကိုတော့ သရက်ပြင်ကျေးရွာမှာ ချပေးထားခဲ့ပါတယ်” လို့ပြောပါတယ်။
ကယ်ထုတ်နိုင်ခဲ့သူ ၁၁ ဦးကတော့ ဥယာဉ်သာကျေးရွာက ဥယာဉ်သာဆရာတော် ဦးသုမန၊ ဦးစိန်သာခိုင်၊ ဦးမောင်ကျော်လှ၊ ဦးမောင်လူကြီး၊ ဦးဘတင်၊ သျှရှားတောင်ကျေးရွာက ဒေါ်ဦးလှညွှန့်၊ စံဂိုးထောင်ကျေးရွာမှ ဦးကျော်စိန်၊ ဦးစောလှ၊ ဒေါ်မနှစိန်၊ ဒေါ်ဒါပွင့်ဖြူ၊ နွားရုံတောင်ကျေးရွာက မျက်မမြင်အဘိုးအို ဦးစောထွန်းဦး တို့ ဖြစ်ကြပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်တပ်က ဥယာဉ်သာရွာထဲ ၀င်ခွင့်မပေးတဲ့အကြောင်းနဲ့ သျှရှားတောင်ကျေးရွာက အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဖြူကို ရှာဖွေမတွေ့ဘူး လို့ ရွာသူရွာသားတွေက ပြောပါတယ်။