အုတ်တွင်းဆေးရုံကြီးအတွင်း ရေ၀င်ရောက်လာသဖြင့် လူနာအချို့ ရွှေ့ပြောင်းခဲ့ရ
DVB
·
July 28, 2019
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ဆေးရုံကြီးမှာ ဇူလိုင် ၂၇ ရက်နေ့ မနက်အစောပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေဝင်ရောက်လာတာကြောင့် လူနာတွေကို ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဆေးရုံကြီးမှာ ဇူလိုင် ၂၇ ရက်နေ့မနက်အစောပိုင်းက ရေ တဖြည်းဖြည်း ဝင်ရောက်လာတာကြောင့် လူနာအချို့ကို တောင်ငူဆေးရုံကြီးကို လွှဲပြောင်လိုက်ပြီး ခွဲလူနာအချို့ကို သံဃာ့ဆောင်ကို ပို့ဆောင်ထားတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မနေ့က မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရေသိုးရေပိုလွှဲဆည်က ရေလွှတ်တာရယ်၊ ရိုးလေးချောင်း ရေလျှံတာတွေရယ်ကြောင့် အခုလို ရေဝင်ရောက်လာတာလို့ သိရပါတယ်။
ရေ၀င်ရောက်လာတာကြောင့် အရေးကြီးလူနာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို တောင်ငူဆေးရုံကြီးကို လွှဲပြောင်းထားရပြီး ခွဲမွေးလူနာအချို့ကို သံဃာဆေးရုံဆောင် ပို့ဆောင်ထားရပါတယ်။
ရေဝင်ရောက်နေတာကြောင့် မီးဖြတ်ထားရပြီး လူနာတွေရဲ့သဘောဆန္ဒအရ လူနာ ၆ ဦးအား တောင်ငူဆေးရုံကို ညနေပိုင်းမှာ ထပ်မံပြောင်ရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိအုတ်တွင်း ဆေးရုံသံဃာဆောင်မှာ ခွဲမွေးလူနာ ၃ ဦး၊ သက်ကြီးနာမကျန်းလူနာအဖိုးအို ၁ ဦးနဲ့ ကလေးလူနာ ၃ ဦး စုစုပေါင်း ၇ ဦးသာ ကုသမှုခံယူနေပါတယ်။
လူနာတွေ ပြောင်းရွှေ့ရာမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲဝင်တွေနဲ့ ကူညီမှုအသင်းတို့က ဝိုင်ဝန်းကူညီရွှေ့ပြောင်းပေးခဲ့ကြပါတယ်။
ဇူလိုင် ၂၈ ရက်နေ့မှာတော့ ရေပြန်ကျသွားပြီဖြစ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ရေအတက်အကျ အခြေနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
သားကြီး(တောင်ငူ)