တရားမ၀င် e Book လင့်ခ်များကို ဖြုတ်ချရန် သတိပေး
DVB
·
July 19, 2019
အွန်လိုင်းပေါ်မှာ တရားမ၀င်တင်ထားတဲ့ e Book လင့်ခ် စာမျက်နှာ ၁၈၀ ကျော်ကို ဖြုတ်ချပေးဖို့နဲ့ မဖြုတ်ချရင် အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက သတိပေးကြေညာလိုက်ပါတယ်။
စာပေရေးသားဖန်တီးသူတွေနဲ့ ထုတ်ဝေသူတွေရဲ့ တရားဝင်ခွင့်ပြုချက် မရယူထားဘဲ အွန်လိုင်း ၀က်ဆိုက်တွေ၊ ဘလော့ဂ်တွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ စာအုပ်တွေ ဒေါင်းလုပ် ရယူနိုင်ဖို့ e Book လင့်ခ်တွေ ၊ မိုဘိုင်း အပလီကေးရှင်းတွေ၊ memory stick တွေနဲ့ အခမဲ့ ရော၊ အခပေးစနစ်နဲ့ပါ ဖြန့်ဝေ ရောင်းချနေတာ တွေ့ရတယ်လို့ဆိုပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ စာအုပ်ထုတ်ဝေရေးလောက ကျဆင်းရခြင်းရဲ့ အကြောင်းရင်း တရပ်ဖြစ်တဲ့အပြင် စာပေအနုပညာဖန်တီးထုတ်လုပ်သူတွေရဲ့ ဉာဏမူပိုင်ခွင့်နှင့် အကျိုးခံစားခွင့်တွေကို လျစ်လျူရှု ဂရုမပြုရာ ရောက်နေတယ်လို့လည်း စာပေးထုတ်ဝေးသူနှင့် ဖြန့်ချိသူများအသင်းက ဆိုပါတယ်။
ဒါကြောင့် e Book လင့်ခ် တင်ထားတဲ့ အကောင့်ပိုင်ရှင်တွေအနေနဲ့ လင့်ခ်တွေကို အချိန်မီ ဖြုတ်ချပေးဖို့နဲ့ ထပ်မံတွေ့ရှိပါက စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေအပါအ၀င် တခြားတည်ဆဲ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။