တရားမ၀င်သစ်ခိုးထုတ်မှုများကို ဇိုမီးလူငယ်အဖွဲ့ တားမြစ်
DVB
·
November 9, 2018
DZYA ဒိမ်ဇန် ဇိုမီးလူငယ်အဖွဲ့က သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တရားမဝင် သစ်ခိုး ထုတ်လုပ်မှုတွေကို တားမြစ်နေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ဒိမ်ဇန်ကျေးရွာနဲ့ အနီးတ၀ိုက်မှာ သဘာဝရာသီဥတု အခြေအနေ ပြောင်းလဲလာတာကြောင့် သဘာဝဘေးအသိနဲ့ DZYA ဒိမ်ဇန် ဇိုမီး လူငယ်အဖွဲ့က ဒေသခံရွာသားတွေနဲ့ စည်းဝေးတိုင်ပင်ပြီး တီးတိန်နယ်ထဲက တရားမဝင် သစ်ခိုးထုတ်မှုတွေကို တားမြစ်ဖို့ ဆုံဖြတ်ခဲ့ကြတယ်လို့ ဇိုမီးကျောင်းသား နှင့် လူငယ်အဖွဲ့ တာဝန်ခံ ကိုမိုးဇက်က ပြောပါတယ်။
"ကျေးရွာ သောက်သုံးရေဖြစ်တဲ့ ခွိုင်ချောင်းရေက ပုံမှန်အားဖြင့် ၂၀၁၉ ဇန်နဝါရီလောက်မှာ ရေခန်းမှာကို ဒီနှစ်က စက်တင်ဘာလမှာ ခန်းတယ်။ အနီးတဝိုက် သစ်တောတွေက စီးပွားဖြစ် တရားမဝင်သစ်ခုတ်တာတွေ များလာလို့ ဒီလိုဖြစ်လာတာ။ ဒါကို လူငယ်အဖွဲ့တွေနဲ ဒေသခံတွေ တိုင်ပင်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပြီး ပူးပေါင်းကာကွယ်တာဆီးဖို့ ဆောင်ရွက်မှု စတင်နေပါပြီ" လို့ ကိုမိုးဇက်က ဆက်ပြောပါတယ်။
ချင်းပြည်နယ်အစိုးရ လယ်ယာ၊ ဆည်မြောင်း၊ သတ္တုနှင့်သစ်တောရေးရာဝန်ကြီး ဦးမန်ဟင်းဒါလ်းကို နိုဝင်ဘာ ၄ ရက်နေ့က လူငယ်အဖွဲ့ဟာ အကြောင်းကြားသတင်း ပေးပို့ခဲ့ပါတယ်။ ဝန်ကြီးကနေ ပြည်နယ်သစ်တော ဦးစီးမှူးဆီ ထပ်ပို့ခဲ့ပြီး တီးတိန်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးဝေယံမြင့်ချို ဦးဆောင်ပြီး ဒေသခံလူငယ်တွေနဲ့အတူ စတင်ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
"ခိုးထုတ်သစ်တွေ ဆင်းဖမ်းတော့ သစ်ခိုးထုတ်သူတွေ နိုဝင်ဘာ ၄ ၇က် ညလောက်မှာ စတင်ထွက်ပြေး ရှောင်ရှားကုန်ကြလို့ ပိုင်ရှင်မဲ့အဖြစ်ပဲ ကညင် သစ်သား ၂ တန်ခွဲကိုတော့ သိမ်းဆည်းမိပါတယ်။ အဲဒီနေ့က မမိတဲ့ တောထဲမှာ အတော်များများ ကျန်နိုင်ပါသေးတယ်။ တားမြစ်သစ်ထဲက တာမလန်းသစ်တွေလည်း ရှိပါသေးတယ်" လို့ ကိုမိုးဇက်က ပြောပါတယ်။
သစ်ခိုးထုတ်သူတွေဟာ တောထဲအထိ JCB နဲ့ လမ်းဖောက်ပြီး တောင်ပေါ်ကနေ ကားလမ်းရောက်တဲ့အထိ ကျွဲ နဲ့ ဆွဲ ခိုးယူကြပြီး အခုနှစ်ထဲမှာ ၁၂ ဘီးကား ၃ စီးအပါ ကားစီးရေ ၈ ခေါက်နဲ့ တမလန်း၊ အင်သား၊ ကညင် နဲ့ ကျွန်းသစ်တွေကို ခိုးထုတ်ထားတာ တွေ့ရတယ်လို့ ဒိမ်ဇန်ဇိုမီးလူငယ်အဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ချင်းပြည်နယ် တွန်းဇန်မြို့နယ် ရှာလ်ထောဇန် နဲ့ တွီးခိန်ဇန် ကျေးရွာဘက်မှာ အဓိက တမလန်းသစ် အပါအဝင် အဖိုးတန်သစ်တွေကို ခိုးထုတ်လို့ ကုန်သလောက်ဖြစ် မှ ဒိမ်ဇန်ဘက်ကို စားကျက်ပြောင်းလာကြတာ ၂၀၁၈ မတ်လ လောက်ကလို့ ဆိုပါတယ်။
သစ်ခိုးထုတ်နေတဲ့ အဓိကခေါင်းဆောင် ကလေးမြို့နယ် လက်ပံချောင်းရွာသား ကပ်သည်း ဆိုသူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ လူငယ်အဖွဲ့ဝင်တွေက ပြောပါတယ်။
DZYA ဒိမ်ဇန် လူငယ်အဖွဲ့ကို ၂၀၁၀ မှာ စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အမြင်နဲ့ မိရိုးဖလာ ဘိုးဘွားပိုင်မြေကို ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ အသိစိတ်ဓာတ်နဲ့ အခုလို တားမြစ်ကြတာလို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်