Home
ဆောင်းပါး
အမျိုးသမီးများကို ကာကွယ်ပေးမည့်ဥပဒေ အမှန်တကယ် ပေါ်ထွက်လာတော့မည်လော
DVB
·
July 18, 2019
Article
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ ဥပဒေတရပ် ပေါ်ထွန်းရေးအတွက် အစိုးရက ကတိကဝတ်ပြုကာ လုပ်ငန်းစဉ် စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ၆ နှစ်ကျော် အကြာမှာတော့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ” မူကြမ်း မကြာခင် လွှတ်တော်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ ဥပဒေကြမ်းကို တင်သွင်းသွားဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လွှတ်တော်ကို မတင်ပြမီ ဥပဒေကြမ်း ရေးဆွဲရာမှာ ပါဝင်တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ အနေနဲ့ သက်ဆိုင်ရာ ကော်မတီတွေကို မှတ်ချက်များ တင်ပြဆွေးနွေးနိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကြံပြုထားပါတယ်။ “ဇွန်လ ၃ ရက်နေ့က လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသမီးအဖွဲ့တွေရော ဥပဒေကြမ်း ရေးဆွဲရာမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို အစည်းအဝေးခေါ်တယ်။ သူတို့ကလည်း တွန်းတွန်းတိုက်တိုက်နဲ့ ဒီဥပဒေ ထွက်ပေါ်လာအောင် လုပ်ဆောင်နေကြပါတယ်။ ၂ ပတ်အတွင်း အကြံပြုချက်တွေ မှတ်ချက်စကားတွေ ပေးချင်တယ်ဆိုရင် ပေးလို့ရအောင် ၁၈ ရက်နေ့ နောက်ဆုံးပေးပါလို့ တောင်းထားပါတယ်” လို့ Triangle Women’s support group ရဲ့ ဒါရိုက်တာ မခင်လေးက ပြောပါတယ်။ ဒါဟာ မကြာမီအချိန်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်တော့မယ့် အလားအလာတခုပဲ ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းမှာ အခန်း ၁၃ ခန်း ပါဝင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ ဥပဒေကျွမ်းကျင်ပညာရှင်တွေ အရပ်ဘက် အမျိုးသမီးအဖွဲ့အစည်းတွေ ပူပေါင်းရေးဆွဲထားတာပဲ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲနေတာဖြစ်ပြီး  ဥပဒေအသစ် ဖြစ်တာကြောင့် ဥပဒေရေးဆွဲသူတွေနဲ့ ရှေ့နေချုပ်ရုံးကြား အပြန်အလှန်ဆွေးနွေး ငြင်းခုံမှုတွေ လုပ်ဆောင်နေရတာကြောင့် ကြန့်ကြာနေရတာလည်း ဖြစ်ပါတယ်။ “အန်တီက ဒီနှစ် ဇန်နဝါရီလမှာ လွှတ်တော်မှာ မေးခွန်းမေးလိုက်တော့ ဝန်ကြီးကလည်း လာဖြေတယ်။ ဒီဥပဒေကို မကြာခင်မှာ တင်သွင်းပါမယ်လို့ ကတိကဝတ် ဖြစ်သွားတဲ့အတွက် အခု ဇူလိုင်လ ပြန်ဖွင့်ရင်တော့ လွှတ်တော်ကိုတင်မယ်လို့ ပြောတယ်” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။ ဒီဥပဒေမူကြမ်းထဲမှာ ပါရှိတဲ့ တချို့အကြောင်းအရာတွေဟာ အသစ်အဆန်း ဖြစ်နေတဲ့အတွက် ဆွေးနွေးမှုအပိုင်းမှာ ငြင်းခုံဆွေးနွေးရတာမျိုးတွေကြောင့် ကြန့်ကြာမှုတွေလည်း ရှိနေခဲ့တာလို့ ဆိုပါတယ်။ “တချို့အကြောင်းအရာတွေက ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်တာတွေကလည်း အချိန်ယူရတယ်။ တချို့အကြောင်းအရာတွေကလည်း အသစ်အဆန်း ဖြစ်နေတာမျိုး ပါတယ်။ ဥပမာအားဖြင့် ထိန်းချုပ်ခြင်းဆိုတာမျိုး၊ ယောကျာ်းတယောက်က သူ့ရဲ့လက်တွဲဖော်ကိုဖြစ်စေ ဇနီးမယားကိုဖြစ်စေ ချစ်သူရည်းစားကိုပဲဖြစ်ဖြစ် ရိုက်နှက်တာမျိုး ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုရင် အကြမ်းဖက်တဲ့သူကို ဒီအမျိုးသမီးရဲ့ ဘယ်လောက်ပေအကွာကို မလာရ၊ အချိန်ဘယ်လောက်ထိ မလာရဆိုတဲ့ ထိန်းချုပ်တဲ့ Local authority ပေါ့။ မြို့နယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အမိန့်ထုတ်ပိုင်ခွင့်ရှိတယ် ဆိုတာမျိုး ပါတယ်။ အဲ့ဒါမျိုးကို တော်တော်လေး ငြင်းကြတယ်။ ဖြစ်နိုင်ပါ့မလားပေါ့။ ဒါပေမယ့် ဒီလိုဥပဒေက ထိုင်းတို့ အိန္ဒိယတို့မှာ ကျင့်သုံးနေတာ အောင်မြင်နေတာပဲလေ။ မကျင့်သုံးဘဲနဲ့ ဒီဥပဒေက မအောင်မြင်နိုင်ဘူးလို့တော့ အရင်မပြောနဲ့ပေါ့။ လွှတ်တော်မှာလည်း ငြင်းကြခုံကြရဦးမှာပါ။ အခုတော့ လွှတ်တော်ရောက်လာပြီဆိုတော့ တဆင့်တော့ တက်သွားပြီပေါ့လို့ နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။ တည်ဆဲဥပဒေတွေ ရှိနေပေမယ့် ခေတ်နဲ့မလျော်ညီတာနဲ့ အမျိုးသမီးတွေရဲ့ နစ်နာမှုတွေအတွက် အပြည့်အဝ အကာအကွယ် မပေးနိုင်တာကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အထူးဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်တင်ပြမယ့် ဥပဒေမူကြမ်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် မပြဋ္ဌာန်းမီ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့လည်း မခင်လေးက ဆိုပါတယ်။ “အမြဲပြောနေခဲ့ကြတဲ့ မုဒိမ်းမှု အဓိပ္ပာယ်ဖွင့်ဆိုချက်က ပြည့်စုံမှုမရှိတာမျိုး၊ နောက်တခုက မိန်းမဆိုသည်မှာ လူမိန်းမကို ဆိုလိုသည်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အခုက LGBT အရေးတွေကလည်း တက်ကြွလာတယ်။ အမျိုးသမီးကဲ့သို့ ပြောင်းလဲထားသော သူတွေအတွက်ကျတော့ အကျုံးမဝင်မှာမျိုးကျတော့ သူတို့အသိုင်းအဝိုင်းက သူတွေက စိတ်ပူကြတာပေါ့” လို့ မခင်လေးက ပြောပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေ အနေနဲ့ လွှတ်တော်ထဲမှာ ဥပဒေမူကြမ်း ဆွေးနွေးတဲ့အခါ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းနည်းပါးတာကြောင့် ဆွေးနွေးမှုအပိုင်းမှာ အမျိုးသမီးတွေရဲ့ တင်ပြဆွေးနွေးမှုမှာ အားနည်းသွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ဒီဥပဒေကို ဆွေးနွေးတဲ့အခါ တုံ့ပြန်လေ့ရှိတာက “အမျိုးသားတွေကို ထောင်ထဲထည့်မယ့် ဥပဒေ” ဆိုတဲ့ အမြင် အယူအဆတွေနဲ့ ဆွေးနွေးလာမယ့် စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရနိုင်တယ်လို့ ဆိုကြပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်ဦးရေ နည်းပါးတာဟာ စိုးရိမ်စရာဖြစ်ပေမယ့် အမျိုးသမီးရော အမျိုးသား ကိုယ်စားလှယ်တွေကိုရော အချိန်ယူကာ ဆွေးနွေးမှုတွေ ပြုလုပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေ မျှော်လင့်ထားတဲ့ ရလဒ်ကောင်းတွေ ရလာနိုင်တယ်လို့လည်း နော်ဆူဇန်နာလှလှစိုးက သူမအတွေ့အကြုံကို ပြောပြပါတယ်။ “အမျိုးသမီး အမတ်ရာခိုင်နှုန်း နည်းတာတခုကလည်း စိုးရိမ်စရာဖြစ်တယ်။ သို့သော် အသိပညာတော့ ကောင်းကောင်းပေးရမှာပေါ့။ ပြီးခဲ့တဲ့အပတ်ကပဲ ကလေးသူငယ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တယ်။ ၁၈ နှစ်မတိုင်မီ အိမ်ထောင်ပြုခွင့်မရှိဘူး ဆိုတာကို အမျိုးသားလွှတ်တော်မှာ အတည်ပြုနိုင်ပေမယ့် ပြည်သူ့လွှတ်တော်ကျတော့ အဲ့ဒါကို ကန့်ကွက်ခဲ့တယ်လေ။ ၁၈ နှစ်အောက်လည်း အိမ်ထောင်ပြုလို့ရတယ်၊ လက်ထပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ အန်တီတို့ဘက်ကလည်း ကောင်းကောင်းပြောပြခဲ့တယ်။ ပညာရေးနဲ့လည်း ဆက်နွှယ်နေတယ်။ ကျန်းမာရေးနဲ့လည်း ဆက်နွှယ်နေတယ်။ ၁၈ နှစ်မှာ အိမ်ထောင်ပြုဖို့ ခွင့်ပြုလိုက်ရင် ပညာပေးအပိုင်းမှာ လုပ်ရကိုင်ရ ခက်ခဲသွားမယ်။ ဥပဒေတခုဖြစ်လာတဲ့အခါမှာ ဥပဒေမှာတော့ ဒီလိုရှိတယ်။ ယူလို့မရဘူး။ ပညာကို ဆုံးခန်းတိုင် သင်ပါဆိုတာမျိုး ပြောလို့ရတယ်ဆိုတော့ အများစုက မဲပေးကြတယ်။ ဆိုတော့ အန်တီတို့က မဲပေးမယ့်သူတွေကို အချိန်ယူပြီး သေချာဆွေးနွေးဖို့ လိုတာပေါ့။” ဒီဥပဒေဟာ အမျိုးသမီးတွေကိုပဲ အကာအကွယ်ပေးတာ မဟုတ်ဘဲ အမျိုးသမီးနဲ့အတူ ရှိနေတဲ့ မိသားစုတွေအတွက်လည်း အကာကွယ်ပေးမယ့် ဥပဒေတခုဖြစ်သလို အမျိုးသားတွေအနေနဲ့ ဥပဒေကြောင်းအရပဲဖြစ်ဖြစ် လူမှုရေးအကြောင်းကြောင့်ဖြစ်ဖြစ် မသိဘဲ ပြုမူမိတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေအကြာင်း ဆောင်ရန်ရှောင်ရန် သိသွားခြင်းအားဖြင့် အမျိုးသားတွေအတွက်လည်း ကြိုတင်ကာကွယ်ပေးရာ ရောက်တယ်လို့ ဆိုပါတယ်။ အခုဥပဒေမူကြမ်းမှာတော့ အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေအပြင် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များလည်း ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ အိမ်ထောင်ဘက်ကဖြစ်စေ မိသားစုဝင်ကဖြစ်စေ သူစိမ်းကဖြစ်စေ အကြမ်းဖက်မှု ပြုမူတဲ့ မည်သူမဆို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ထိန်းချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမယ့် နောက်ယောင်ခံလိုက်ခြင်းကို တားမြစ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေ၊ ပဋိပက္ခအတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အချက်တွေ၊ မုဒိမ်းမှုကနေ ရရှိလာတဲ့ နောက်ဆက်တွဲ ပြဿနာတခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် ဥပဒေပိုင်းအရ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ “နောက်ယောင်ခံလိုက်ခြင်းပေါ့။ ဒါကလည်း ချစ်လို့ ကြိုက်လို့ ကြည်စားတာမျိုး တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ တချို့က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ဒုက္ခပေးချင်လို့ လိုက်တဲ့ဖြစ်ရပ်မျိုးတွေလည်း ကြုံတွေ့ရပါတယ်။ အဲဒါမျိုးမှာလည်း ပထမတကြိမ်ဆိုရင်တော့ ဘယ်လို၊ အကြိမ်ကြိမ်ထပ်ပြီး ကျူးလွန်မယ်ဆိုရင်တော့ ဘယ်လို ပြစ်မှု ပြစ်ဒဏ်ဆိုတာမျိုး ထည့်သွင်းထားပါတယ်။ ဒါတွေက တချို့သမီးရည်းစားတွေ အိမ်ထောင်သည်တွေ လမ်းခွဲပြီးမှ လိုက်နှောင့်ယှက်တာ ပြဿနာရှာတာတွေက အမျိုးသမီးတွေ ကြုံတွေ့နေရပေမယ့် ဥပဒေကြောင်းအရ အကျုံးမဝင်တော့ နစ်နာမှုတွေရှိတယ်။ အသက်အန္တရာယ် ရှိလောက်တဲ့အထိ မဟုတ်ပေမယ့် လူပုံလည်မသွားရဲအောင် အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ဟာမျိုးတွေကြောင့် ထည့်သွင်းထားတာဖြစ်တယ်” လို့ မခင်လေးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တာကြောင့် သဘောတူစာချုပ်ပါ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်တရပ်ဖြစ်တဲ့ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေကို တိတိကျကျ ပြဋ္ဌာန်းဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ၇ နှစ်တာကာလခန့် ရေးဆွဲခဲ့ကြတဲ့ ဥပဒေကြမ်းမှာ အပြန်အလှန် ဆွေးနွေးငြင်းခုန်ကြရင်း ပြင်ဆင်ဖြည့်စွက် ဖြုတ်ချခဲ့တာတွေကြောင့် လိုအပ်ချက်တွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒါတွေကို အသေအချာ ဆွေးနွေးကာ အမျိုးသမီးများအပေါ် အမှန်တကယ် အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ်ဖြစ်လာအောင် မွမ်းမံပြင်ဆင်မှုတွေကတော့ ဆက်လက်လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာက အမျိုးသမီးတွေ အပေါ်မှာပဲ သက်ရောက်တာ မဟုတ်ဘဲ မိသားစုဝင်တွေကိုပါ စိတ်ဒုက္ခ သက်ရောက်စေတာကြောင့် ဒီလိုဥပဒေမျိုးနဲ့ ကာကွယ်ပေးမယ်ဆိုရင်တော့ အေးချမ်းတဲ့ မိသားစုဘဝကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပြီး အမြန်ဆုံး ဒီဥပဒေပေါ်ပေါက်ဖို့နဲ့ ဒီဥပဒေထဲမှာ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မယ့် အချက်အလက်တွေ ပြည့်ပြည့်စုံစုံနံ ပါဝင်နိုင်ဖို့ အားလုံးဝိုင်းပြီး ကူညီပေးစေလိုကြောင်း အမျိုးသမီးအဖွဲ့တွေကတော့ တိုက်တွန်းပြောဆိုထားပါတယ်။ ဥပဒေကြမ်း စတင်ရေးဆွဲရာမှာ ပါဝင်ခဲ့သူတယောက်ဖြစ်သလို အခုချိန်မှာ ဥပဒေပြုသူ လွှတ်တော်ကိုယ်စားလှယ် တယောက်လည်းဖြစ်တဲ့ နော်ဆူဇန်နာလှလှစိုးကတော့ ဒီဥပဒေ ပေါ်ထွက်လာဖို့အတွက် စွမ်းစွမ်းတမံ ကြိုးစားသွားမယ့်အကြောင်း အခုလို ပြောပါတယ်။ “အားလုံး မျှော်လင့်တောင့်တနေတဲ့ ဥပဒေတခုပဲလေ။ တည်ဆဲဥပဒေတွေနဲ့ မလုံလောက်တဲ့အတွက် အထူးဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းမှဖြစ်မှာ။ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေက အိမ်တွင်းမှာရော အပြင်မှာရော အရမ်းများလာတဲ့အတွက် အထူးဥပဒေ လိုအပ်တယ်လို့ အန်တီတို့ ဥပဒေပြုတဲ့သူတွေက ယုံကြည်တယ်။ အဲ့ဒါကြောင့် တင်သွင်းတယ်။ ဆွေးနွေးမယ်။ ရအောင်လုပ်မယ်။” ခင်စုကြည် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024