မြင်းခြံဒေသထွက် ကွမ်းနုဝါဈေး ဆက်တိုက်ကျဆင်း၊ တောင်သူများ အရှုံးပေါ်
DVB
·
July 13, 2019
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အနီးတဝိုက်ဒေသတွေမှာ စိုက်ပျိုးကြတဲ့ ကွမ်းနုဝါ ဈေးနှုန်းတွေဟာ ဆက်တိုက်ကျဆင်းနေတာကြောင့် ကွမ်းစိုက်ပျိုးတဲ့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ကွမ်းနုဝါစိုက်ပျိုးတဲ့ ဝက်လူးကျေးရွာမှ တောင်သူ ဦးဇော်မိုးက ပြောပါတယ်။
"ခုဆိုရင် ဒီဒေသက မိုးအရမ်းခေါင်တော့ အခြားသီးနှံစိုက်ပျိုးလို့မရတော့ဘူး၊ ဒါပေမယ့် ကွမ်းက နှစ်ရှည်ပင်ဖြစ်တဲ့အတွက် ရေသွင်းပြီးစိုက်ကြရတယ်။ စက်နဲ့ရေးသွင်းရတဲ့ စရိတ်တွေ အလုပ်သမားခတွေ၊ မြေသြဇာဈေးတွေကကြီးတော့ ကုန်ကျစရိတ်တွေကများပါတယ်။ ခုဆို ကွမ်းရွက်ဈေးနှုန်းက ကျနေတော့ အရှုံးဖြစ်နေတယ်။ အခြားသီးနှံနဲ့စာရင် ကွမ်းကတော့ တနှစ်ပတ်လုံး ထွက်ရှိနေတော့ ပုံမှန်ဝင်ငွေရတယ်ဆိုပြီး စိုက်ပျိုးကြတာလို ဒီဗွီဘီကိုပြောပါတယ်။
ကွမ်းနုဝါတွေကို မြင်းခြံမြို့နယ် နဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စိုက်ပျိုးနေကြတာပါ။
ကွမ်းရွက်ရောင်းဝယ်ရေးပွဲရုံမှ မခိုင်က "ကွမ်းဈေးတွေက ဆက်ကျဖို့ရှိတယ်၊ ဆောင်းရာသီဆိုရင်တော့ ပြန်ပြီး ဈေးနှုန်းမြင့်လာတက်ပါတယ်။ ပြီးခဲ့တဲ့ တပိုတွဲ၊ တပေါင်း၊ တန်ခူးလတွေက ကွမ်းရွက် ၁ ပိဿာကို ၁ သောင်းကျော်အထိ ဖြစ်ခဲ့တယ်။ အဲ့နောက် ကွမ်းရွက်အထွက်များလာတာရယ်၊ အရောင်းအဝယ်မကောင်းတာရယ်ကြောင့် ကွမ်းဈေးတွေ ဆက်တိုက်ကျလာတာ” လို့ ပြောပါတယ်။
မြင်းခြံမြို့မှာ နေ့စဉ် ကွမ်းပိဿာချိန် ၅၀၀၀ ခန့် ဝင်ရောက်နေပြီး မိတ္ထီလာ၊ ကျောက်ပန်းတောင်းနဲ့ အခြားမြို့နယ်တွေကိုပါ တင်ပို့ရောင်းချနေကြတာ ဖြစ်ပါတယ်။ လက်ရှိ ကွမ်းနုဝါ ၁ ပိဿာ ပေါက်ဈေးဟာ အနုအကြမ်းပေါ်မူတည်ပြီး ၁၂၀၀ ကျပ်မှ ၁၃၀၀ ကျပ်တို့နဲ့ ရောင်းချနေကြတာပါ။
သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ)