Homeမြန်မာသတင်း
မြင်းခြံခရိုင်တွင် သက်ကြီးဘိုးဘွားများကို ကျပ်သိန်း ၁၂၀၀ ကျော် အစိုးရထောက်ပံ့
မြင်းခြံခရိုင်တွင် သက်ကြီးဘိုးဘွားများကို ကျပ်သိန်း ၁၂၀၀ ကျော် အစိုးရထောက်ပံ့
DVB
·
January 7, 2019
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ရှိ အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုး၊ဘွားတွေကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက် ပထမ ၃ လ အစမှာ ကျပ်သိန်း ၁၂၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက သိရပါတယ်။
မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က " အရင်က အသက် ၉၀ နှစ်အထက်ပေးတာပါ။ အခု ၈၅ နှစ်အထက် ပြန်လျော့ပြီး ပထမဆုံး ပြန်ပေးတာပေါ့။ လာမယ့် ဒုတိယပတ်မှာ စိစစ်ပြီး စာရင်းဇယားအရ ဘိုး၊ဘွား ၂၀၀ လောက် ထပ်တိုးဖို့ရှိတယ်။ အတတ်နိုင်ဆုံး ဘိုးဘွားတွေလက်ထဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပို့ပေး တာမျိုး အတတ်နိုင်ဆုံးပြုလုပ်ခဲ့ပါတယ်။ ၁ လ ကျပ် ၁၀၀၀၀ ထောက်ပံ့တာကို အမျိုးမျိုးဝေဖန်မှုတွေ ရှိနေပေမယ့် နိုင်ငံတော်အနေနဲ့ သက်ကြီးရွယ်အိုတွေကို တန်ဖိုးထားတဲ့အနေနဲ့ ထောက်ပံ့ပေးတာ ဆိုတော့ ပြည်သူတွေအနေနဲ့ အသိအမှတ်ပြုရင်ပိုကောင်းတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။
မြင်းခြံခရိုင်ရှိ ၄ မြို့နယ် ငါန်းဇွန်၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာစတဲ့မြို့တွေမှ အသက် ၈၅ နှစ်အထက် ဘိုး၊ဘွား ဦးရေဟာ ၄၀၄၈ ဦးရှိပြီး၊ အသက်ရှည် ၁၀၀ အထက် ၃၀ ကျော် ပါဝင်တယ်လို့ စာရင်းအရသိရပါတယ်။ အစိုးရက တဦးကို လစဉ် တလ ကျပ် ၁၀၀၀၀ ထောက်ပံ့ပေးထားပြီး ၃ လပေါင်းကာ တကြိမ် ငွေထုတ်ပေးတာဖြစ်ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၁၇ ဧပြီလမှ စတင်ပြီး အသက် ၉၀ နှစ်အထက် ဘိုးဘွားတွေ စတင်ထောက်ပံ့ပေးခဲ့ရာမှ အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စတင်ကာ အသက် ၈၅ နှစ် ဘိုးဘွားတွေကို စတင်ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)