ပုလိပ်မင်းကြီး၊ လမ်းမတော်ဖိုးတုတ်နဲ့ ဒေဝဒတ်သာသနာ
DVB
·
June 19, 2019
လမ်းမတော်ဖိုးတုတ်အကြောင်း ရေးတဲ့စာတွေ အတော်တော်များများ ဖတ်ဖူးတယ်။ တချို့စာတွေဆိုရင် ဖိုးတုတ်လောက် အမျိုးချစ်သူ မရှိသလောက် ရေးကြတာလည်းရှိတယ်။ ဒို့ဗမာအစည်းအရုံး သခင်တွေတောင် ဖိုးတုတ်လောက် အမျိုးမချစ်ကြသလို ရေးတာလည်း ဖတ်ဖူးရဲ့။ ဒီတော့မှ ဒို့လူမျိုးရဲ့ သူရဲကောင်းကိုးကွယ်ချင်တဲ့ အကျင့်က အခုထိ မပျောက်သေးဘူးလို့ ကောက်ချက်ချမိတယ်။ သူရဲကောင်းသာဖြစ်ပစေ လူဆိုးလူမိုက်လည်း ကိုးကွယ်လိုက်တာပါပဲ။ ဒီလိုနဲ့ အာဏာရှင်စနစ်လည်း သက်ဆိုးရှည်ခဲ့တယ် ထင်ပါရဲ့။ တကယ်တော့ လူဆိုးလူမိုက်လို့ ဆိုကတည်းက ဘယ်မှာလာပြီး လူကောင်းဖြစ်မှာလဲဗျာ။ ဒါကိုပဲ မျိုးချစ်သူရဲကောင်းကြီးအဖြစ် ရေးကြလေရဲ့။ သေချာတာက အရောင်အသွေးတူသူတွေ စုစည်းမိတဲ့ သဘာဝအရ လူမိုက်ဂိုဏ်းလို့ ပြောရလောက်အောင် ဖိုးတုတ်က အုပ်စုတောင့်ခဲ့ဟန် ရှိတယ်။ အုပ်စုဖွဲ့ မိုက်ရဲတဲ့သဘောပါ။
ဒါပေမယ့် ခေတ်ပျက်မှာ လူမိုက်တွေ တန်ခိုးထွားတတ်တယ် ဆိုစကားအတိုင်း ဂျပန်ခေတ်ပျက်ထဲမှာ ဖိုးတုတ်ဟာ ပုလိပ်မင်းကြီး ဖြစ်ခဲ့သဗျ။ ကျုပ်ပြောချင်တာက အဲဒီအကြောင်းပါ။ ဂျပန်အရောက်၊ အင်္ဂလိပ်အပြေးမှာ ရန်ကုန်မြို့ဟာ မြို့ပျက်ကြီးလို ဖြစ်နေတာပေါ့။ မင်းမဲ့စရိုက် ကာလဆိုးကြီးဆိုတော့ သူတလူ ငါတမင်းပေါ့။ ခိုးဆိုး လုယက် အကုန် ဖြစ်ချင်တိုင်း ဖြစ်နေတာ။ ဖိုးတုတ်က လူမိုက်တွေ ဂိုဏ်းလိုက်ရှိတာဆိုတော့ ခိုးတာ လုယက်တာ အကုန်လုပ်တာပေါ့။ ကားတာယာတွေဆိုရင် သူ့လူတွေခိုးတာ ဂိုထောင်နဲ့တောင် အပြည့်ရှိဆိုပဲ။ နောက် သူ့လူတွေခိုးတာ ဗုံးသီးတောင် မချန်ဘူးတဲ့။ ဗုံးသီးအခွံကိုတောင် ဒယ်အိုးလုပ်ပြီး ရောင်းစားလိုက်သေးသတဲ့။ ဂျပန်ခေတ်မှာ ပစ္စည်းက ရှားပေတာကိုး။ ဂျပန်က သူ့ဗုံးဆံတွေ ခိုးတာဟာ ဖိုးတုတ်လူတွေဆိုတာ သိသွားတယ်။ စုံစမ်းတော့ ဖိုးတုတ်လူမိုက်ဂိုဏ်းက ရန်ကုန်အနှံ့ အတော်များများရှိတာကို သိတော့ ဂျပန်က ဖိုးတုတ်ကို ခေါ်တွေ့သတဲ့။ ဖိုးတုတ်ကို ဂျပန်က ထမင်းဖိတ်ကျွေးပြီး သူတို့ကိုကူညီပါ၊ လူဆိုးတွေကို ထိန်းပေးပါ၊ ပုလိပ်မင်းကြီးလုပ်ပါဆိုပြီး ဖိုးတုတ်အပြန်မှာ ယူနီဖောင်းတစုံ၊ ခြောက်လုံးပြူးနှစ်လက်၊ ဓားရှည်တချောင်း၊ မြင်းဖြုကြီးတကောင်နဲ့ ဗန်းမော်တဘက်တထည် ပေးလိုက်သတဲ့။ (ဗန်းမော်တဘက်က မြင်းချွေးသုတ်ဖို့ပါ)။
ဖိုးတုတ် တကယ့်ကို ပုလိပ်မင်းကြီး ဖြစ်သွားပါပြီ။ အဲ့ဒီမှာ ဖိုးတုတ် ဒုက္ခရောက်ဖို့ အကြောင်းဖန်တော့တာပေါ့။ ဖိုးတုတ်ဟာ စာကလည်းမတတ်။ လူမိုက်ပဲ လုပ်တတ်တာကိုး။ ဒီတော့ သူ့တပည့်တွေက ရာထူးတွေ လာတောင်းကြတော့တာပေါ့။ ဖိုးတုတ်ကလည်း အရင်လာသူနဲ့ သူ့အပါးရှိသူတွေကို မင်းက လမ်းမတော်အရေးပိုင်၊ နောက်တယောက်က ရေကျော်အရေးပိုင် စသဖြင့် ခန့်တော့တာပေါ့။
တချို့တပည့်တွေကလည်း ငါတို့က အနစ်နာခံခဲ့ရတာ။ သူ့အတွက်ဆိုရင် ထောင်ကျခံခဲ့ရတာ။ ငါက ရေကျော်အရေးပိုင်ထက် စာလည်းတတ်တယ်။ လေးတန်းထိ စာသင်ခဲ့တယ် (သူ့ကိုယ်သူတော့ Ph.D လောက်သင်ဖူးတယ်လို့ ထင်ဟန်ပါပဲ)။ ငါတော့ အသိမှတ်မပြုဘူး။ တကယ်ဆို ငါ့လိုပညာတတ်ကို အကြံပေးခန့်သင့်တာ ဆိုသူတွေကလည်း မကျေနပ်ကြဘူးဆိုပဲ။ ဘာပဲဖြစ်ဖြစ် ဖိုးတုတ်က သူ့တပည့်တွေကိုတော့ ခိုးတာ၊ ဓားပြတိုက်တာ၊ လုတာ မလုပ်အောင် တားနိုင်ခဲ့ပါတယ်။ ရန်ကုန်ဟာ သူခိုး၊ ဓားပြဘေးက ကင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်အလုပ်တခု ထပ်လုပ်ရတာလည်း ရှိသေးတယ်ဗျ။ အဲ့ဒါကတော့ ဂျပန်စစ်သားတွေ ဗိုလ်တွေအတွက် ပြည့်တန်ဆာရှာပေးရတဲ့ အလုပ်ပေါ့။ ဒူးနေရာဒူး တော်နေရာတော် ဆိုတာမျိုး ထင်ပါရဲ့။
ပုလိပ်မင်းကြီးဖိုးတုတ်နဲ့ သူ့ရဲ့ အရေးပိုင်တွေအားလုံး ဂျပန်အတွက် ဖာရှာပေးကြရတယ်။ တကယ်တော့ ပုလိပ်မင်းကြီးဆိုပေမယ့် အရေးပိုင်ကို ခန့်လို့ရမရလည်း သူမသိရှာပါဘူး။ နီးစပ်ရာ စားတော်ခေါ်ပြီး သင့်မသင့်မသိဘဲ လုပ်ချင်သလို လုပ်လိုက်တာပါ။ ဂျပန်စစ်သားဆိုတာကလည်း မိန်းမနဲ့ပတ်သက်ရင် ဘာကမှ မရှောင်တဲ့သူတွေဆိုတော့ ဂျပန်တကောင်က ဖိုးတုတ်မိန်းမကို မျက်စိကျပါလေရော။ ဖိုးတုတ်တယောက် “မယားထိ ဓားကြည့်” ဖြစ်ပြီ။ အဲဒီဂျပန်ကောင်ကို လက်စဖျောက်ပစ်လိုက်ရာက ဖိုးတုတ်လည်း အဖမ်းခံလိုက်ရတော့တာပါပဲ။ ဂိုထောင်ထဲက ကားတာယာတွေ၊ အထည်အလိပ်တွေ စတဲ့ ခိုးရာပါနဲ့ တိုက်ရာပါတွေကိုလည်း ဂျပန်က သိမ်းလိုက်တယ်။ ဒါ့အပြင် ဖိုးတုတ်နဲ့ မစ္စတာဆင်းဒတ်တို့ရဲ့ စပ်တူထောင်ခဲ့တဲ့ ဥက္ကလာပဟိုတယ်လည်း ဆုံးရှုံးသွားခဲ့ပါတယ်။
ဖိုးတုတ်မယားလေးကတော့ ဂျပန်ခေတ်မှာ နတ်ကတော်လုပ်၊ နတ်ပွဲတွေကလို့ အတော်နာမည်ကြီးလာခဲ့ပြီး အရာရှိကတော်တွေရဲ့ လင်ယောက်ျား မယားငယ်ထံကနေ ပြန်ရောက်လာအောင် ပွဲထိုး ယတြာချေတဲ့အလုပ်နဲ့ အတော်ကြီးပွားနေသတဲ့။
ဖိုးတုတ် အဖမ်းခံရတော့ သူ့တပည့်အချို့က ဂျပန်အလိုတော်ရိလုပ်ပြီး ဖိုးတုတ် မကောင်းကြောင်းတွေနဲ့ ဖိုးတုတ်လုပ်ခဲ့တဲ့ ပြစ်မှုတွေကို ဖော်ကောင်လုပ်တော့ ဖိုးတုတ်လည်း မြောင်းမြထောင်မှာကျပြီး ဂျပန်ခေတ်မှာပဲ မထင်မရှား ဘဝဇာတ်သိမ်းသွားခဲ့ပါတယ်။ သံဝေဂ ယူစရာပါ။ ပြောစရာတခု ကျန်နေတာက ဂျပန်တွေ မြန်မာပြည်သိမ်းကာစက ရန်ကုန်မှာ လူမိုက်တွေစုပြီး ညဘက်တွေမှာ ချိန်းသတ်ကြတဲ့ပွဲက ညတိုင်းလိုလို ရှိခဲ့တာ။
ဒါကလည်း အင်္ဂလိပ်စစ်တပ်ရဲ့ အကောက်ဉာဏ်နဲ့ ဖန်တီးခဲ့တာလည်း ပါတယ်။ ဒီကောင်တွေ တပ်အဆုတ်မှာ ထောင်ထဲက လူမိုက် လူဆိုးတွေကို လွှတ်ပေးပြီး နိုင်ငံရေး ထောင်ကျတွေကိုတော့ သူတို့နဲ့အတူ ခေါ်သွားဖို့ လုပ်ခဲ့တာ၊ မလွှတ်ပစ်ခဲ့ဘူးလေ။ တပ်အဆုတ်မှာ လူမိုက်တွေကို ရှေ့တန်းတင်ပြီး အုပ်ချုပ်ရေးပျက်အောက် လုပ်ခဲ့တာကိုး။ ဂျပန်အဖို့မှာတော့ တကယ်လည်း အုပ်ချုပ်ရေး တည်ငြိမ်အောင်လုပ်ဖို့ အတော်ကြိုးစားရဟန်ပဲ။ ဒါကြောင့်လည်း ဖိုးတုတ်ကို ပုလိပ်မင်းကြီး ခန့်လိုက်တာ။ ဒါပေမယ့် စောစောကပြောသလို ညတိုင်းချိန်းပြီး လူသတ်ပွဲကြီး ကျင်းပရာ ချောက်ကြီးနှစ်ချောက်ရှိတယ်။ အဲဒါက ဗားကရာချောက်နဲ့ မင်းမနိုင်ချောက်ကြီးတွေပေါ့။ နောက်ဆုံးတော့ ဂျပန်က လူမိုက်တွေချိန်းသတ်ရာ ချောက်နှစ်ချောက်စလုံးဆီ တိတ်တဆိတ်သွားပြီး သူ့စစ်သားတွေနဲ့ လူမိုက်အားလုံး ပစ်သတ်လိုက်တော့မှ ဇာတ်သိမ်းသွားခဲ့တယ်လို့ ဆိုတယ်။ ဖိုးတုတ်ကတော့ မြောင်းမြထောင်မှာ ဇာတ်သိမ်းသွားတာပါ။
ဒါကြောင့် ခေတ်အပြောင်းအလဲ၊ အစိုးရ အပြောင်းအလဲတွေမှာ ဖိုးတုတ်လို လူဆိုးလူမိုက်က ပုလိပ်မင်းကြီး ဖြစ်လာခဲ့ရင် ပြည်သူလူထုကတော့ နစ်နာရမြဲပါပဲ။ သူ့လိုလူမျိုးက တိုင်းပြည်တည်ငြိမ်ရေးထက် သူ့အကျိုးစီးပွားကိုပဲ ဦးထိပ်ပန်ဆင်တတ်ပေသကိုး။ တချို့ကတော့ ဖိုးတုတ်ကို “အမျိုးယုတ် ဖိုးတုတ်” လို့လည်း ကွယ်ရာမှာ ခေါ်ခဲ့ကြသတဲ့။
ဘာပဲဖြစ်ဖြစ် ကိုယ်ကျင်လည်ရာ ခေတ်ကာလထဲမှာတော့ ပုလိပ်မင်းကြီး လမ်းမတော်ဖိုးတုတ်နဲ့ ဒေဝဒတ်သာသနာနဲ့ မကြုံပါရစေနဲ့လို့ ဆုတောင်းမိတယ်။ ပြောလို့သာ ပြောရတာပါ။ ဒေဝဒတ်သာသနာကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ဒါယကာက အဇာတသတ် ဖြစ်နေတော့လည်း…။ “အဇာတသတ်မင်းနဲ့လည်း ကင်းဝေးရပါလို၏” လို့ ထပ်မံဖြည့်စွက် ဆုတောင်းရင်း ပြည်သူအများ ဘေးကင်းကြပါစေလို့ ဆန္ဒပြုလိုက်ရပါကြောင်း…..။
ထွန်းဇော်ဌေး