အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင့်သူ ၄၁ ဦးရှိ
ပိုင်စိုး
·
June 8, 2019
တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၉၄ ယောက် ရှိပြီး ဂုဏ်ထူးရသူ ၄၁ ယောက်ရှိပါတယ်။
မနှစ်ကထက် ဖြေဆိုသူများလာသလို အောင်မြင်သူနဲ့ ဂုဏ်ထူးရသူလည်း များလာခဲ့တာပါ။ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ၃ ဘာသာ ဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၆ ယောက်၊ တဘာသာဂုဏ်ထူး ၂၁ ယောက်၊ ရိုးရိုးအောင်သူ ၅၃ ယောက်ရှိတယ်လို့ ပြောပါတယ်။
ဒီနှစ်မှာတော့ အင်းစိန်၊ မန္တလေး၊ ဘားအံ၊ လွိုင်ကော်၊ မြိတ်၊ တောင်ငူ၊ ကသာ၊ သရက်၊ မုံရွာထောင်တို့ကနေ အကျဉ်းသား၊ အချုပ်သား ၁၇၁ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။
အင်းစိန်ထောင်က ဖြေဆိုသူ ၇၁ ယောက်မှာ အယောက် ၅၀ အောင်မြင်ပြီး ၃ ဘာသာဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၃ ယောက်နဲ့ တဘာသာဂုဏ်ထူး အယောက် ၂၀ ရှိပါတယ်။
မန္တလေး အိုးဘိုထောင်က ၇၁ ယောက်ဖြေတာမှာ ၄၂ ယောက်အောင်မြင်ပြီး ၂ ဘာသာဂုဏ်ထူး ၃ ယောက်၊ တဘာသာဂုဏ်ထူး ၁၁ ယောက်ရှိပါတယ်။ တောင်ငူထောင်က ၄ ယောက် ဖြေတာမှာ ၂ ယောက် အောင်မြင်ခဲ့တာပါ။
မနှစ်က ၁၀၄ ယောက် ဖြေပြီး ၄၇ ယောက် အောင်မြင်လို့ အောင်ချက် ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း ရှိပြီး ဒီနှစ်မှာတော့ ၅၄ ဒသမ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။
အကျဉ်းထောင်တွေမှာ အခြေခံပညာအဆင့်နဲ့ အဝေးသင်တက္ကသိုလ်တက်နေတဲ့ အကျဉ်းသားပေါင်း ၃၀၀ လောက်ရှိတယ်လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။