ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၀၆၆ ဦးရှိ
နော်နိုရင်း
·
June 8, 2019
ဒီနေ့ထုတ်ပြန်လိုက်တဲ့ ကယားပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ အောင်မြင်သူ ၂၀၆၆ ဦးရှိပြီး ဂုဏ်ထူးထွက်သူ စုစုပေါင်း ၄၆၄ ဦး ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။
ကယားပြည်နယ်အတွင်း ၂၀၁၈-၁၉ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၁၉ ခုကနေ ကျောင်းသူ၊ ကျောင်းသားပေါင်း ၇၃၈၈ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၂၀၆၆ ဦး ဖြေဆိုအောင်မြင်ခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။
တပြည်နယ်လုံး အတိုင်းအတာနဲ့ ၅ ဘာသာဂုဏ်ထူး ၁ ဦးထွက်ရှိပြီး ၄ ဘာသာ ဂုဏ်ထူး ၃ ယောက်၊ ၃ ဘာသာ ဂုဏ်ထူး ၃၂ ဦး ထွက်ရှိကြောင်းလည်း စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာန ဒုကြီးကြပ်ရေးမှူး ဒေါ်အေးနန္တာဦးက ပြောပါတယ်။
“အောင်မြင်တာက ၂၀၆၆ ပါရှင်၊ ရာခိုင်နှုန်းအားဖြင့် ၂၇.၉၆ ပါရှင့်။ ကျမတို့အခုဆိုလို့ရှိရင် (5D) တယောက်ထွက်ပါတယ်။ (4D) က သုံးယောက်ပါ။ 3D က ၃၂ ယောက်ပါ။ 2D က ၆၃ ယောက်ပါ။ 1D က ၃၆၅ ယောက်ပါရှင့်။ ဂုဏ်ထူးထွက်စုစုပေါင်းက ၄၆၄ ယောက်ပါရှင်။”
၅ ဘာသာဂုဏ်ထူးရှင်က လွိုင်ကော် အထက ၂ က မငုဝါအောင်ဖြစ်တယ်လို့လည်း ပြောပါတယ်။
၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ လွိုင်ကော်အကျဉ်းထောင်ကနေ စာမေးပွဲဖြေဆိုသူ ၄ ဦးရှိခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။
ကယားပြည်နယ်က စာစစ်ဌာနတွေကတော့ လွိုင်ကော်မြို့နယ်မှာ ၁၀ ခု၊ ရှားတောမှာ ၁ ခု၊ ဒီမော့ဆိုမြို့နယ်မှာ ၄ ခု ဖရူဆိုမြို့နယ် ၁ ခု၊ ဘောလခဲမှာ ၁ ခု၊ ဖားဆောင်းမြို့နယ်မှာ ၁ ခု၊ မယ်စဲမြို့နယ်မျာ ၁ ခု အားလုံး ၁၉ ခုကနေ စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားသူပေါင်း ၇၇၉၁ ဦးရှိခဲ့ပေမယ့် ၇၃၈၈ ဦးသာ ဖြေဆိုခဲ့ပါတယ်။
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အယောက် ၆၆၄၀ မှာ ၁၆၇၀ ယောက်အောင်မြင်ခဲ့လို့ အောင်ချက် ၂၅.၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။