ချမ်အေးသာစံမြို့နယ်တွင် နှင်းဆီဖြူကမ်ပိန်း ပြုလုပ်
DVB
·
May 31, 2019
မန္တလေးမြို့ ချမ်အေးသာစံမြို့နယ် ၈၂ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာရှိတဲ့ ဂျွန်းဗလီနဲ့ အမြောက်တန်း ဗလီအနီးမှာ နှင်းဆီဖြူကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနှင်းဆီဖြူကမ်ပိန်းကို မေတ္တာကမ်ပိန်းအဖွဲ့နဲ့ The Sea Gull အဖွဲ့တို့က ဦးဆောင်ပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေး လိုလားသူတွေ စုပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။
“ဒီနှင်းဆီဖြူကမ်ပိန်းလုပ်တာဟာ နိုင်ငံသားအချင်းချင်း ကိုယ်ချင်းစာတရားနဲ့ ငြိမ်းချမ်းခြင်းကို ပြသတဲ့အနေနဲ့ လုပ်တာပါ။ ဘာသာအယူဝါဒတွေမစွဲဘဲ အတူငြိမ်းချမ်းစွာ နေထိုင်တယ်ဆိုတဲ့ သဘောပါပဲ” လို့ မေတ္တာကမ်ပိန်းအဖွဲ့မှ ဦးညီညီကျော်က ပြောပါတယ်။
ဒီနှင်းဆီဖြူကမ်ပိန်းဟာ ရန်ကုန်မြို့ တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆောင်ကို တားဆီးပိတ်ပင်တာနဲ့ ပတ်သတ်လို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ငြိမ်းချမ်းရေး လိုလားသူတွေ စတင်လုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ ညပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာ သံဃာတချို့နဲ့ လူတစုက အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်လမှာ တရားဝင် ဝတ်ပြုခွင့်ရထားတဲ့ နေအိမ် ၃ အိမ်ကို လူစုလူဝေးနဲ့ရောက်လာပြီး ဝတ်ပြုတာကို တားမြစ်ခဲ့တာပါ။
နောက်ရက်မှာတော့ အဲ့ဒီဝတ်ပြုဆောင်တွေကို ပြန်လည်ဝတ်ပြုခွင့်ပေးခဲ့ပြီး လာရောက်တားမြစ်ရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ မိုက်ကယ်ကျော်မြင်နဲ့ အခြားတယောက်ကို အမှုဖွင့်ထားပါတယ်။