သဘာဝဘေးကာကွယ်ရန် ပဋ္ဌာန်းရွတ်လုပ်ဆောင်နေဟု ဧရာဝတီတိုင်းအစိုးရပြော
DVB
·
May 23, 2019
သဘာဝဘေးကာကွယ်ရေးအတွက် ဘာသာရေးဘက်ကနေ ပဋ္ဌာန်းရွတ်တာတွေလည်း တိုင်းလုံးကျွတ်လုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ပြောကြားလိုက်ပါတယ်။
မေလ ၂၂ ရက်က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ သုံးနှစ်ပြည့် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ တင်းစာရှင်းလင်းပွဲမှာ သဘာဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအကြောင်းမေးမြန်းတဲ့အပေါ် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့တာပါ။
ဗုဒ္ဓဘာသာဝင်အများစုဖြစ်တာကြောင့် ဘာသာရေးပိုင်းကိုလည်းပစ်မထားဘဲ ပဋ္ဌာန်းရွတ်တာတွေ တိုင်းလုံးကျွတ်လုပ်ဆောင်နေသလို၊ ပင်လယ်ပိုင်းဒေသရှိ ယိုင်နဲ့နေတဲ့ လူနေအိမ်တွေကိုလည်း ခိုင်ခံ့မှုရှိအောင်လည်း လုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာ ညွန်ကြားရေးမှူး ဦးသန်းစိုးကတော့ အစိုးရသက်တမ်း ၃ နှစ်အတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းဘေး ယာယီခိုလှုံဖို့ နေရာ ၆၂ ခု တည်ဆောက်ပေးထားပြီး ဘတ်ဂျက်ရလာရင်လည်း ထပ်မံ တည်ဆောက်ပေးသွားမယ်လို့ပြောပါတယ်။
တိုင်းဒေသကြီးစီမံ ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းတော့ သဘာဘေးကြိုတင်ကာကွယ်ရေး အတွက်တာတမံပြုပြင်တာ၊ ရေနုတ်မြောင်းတူးဖော်တာတွေကို ကျပ်ငွေဘီလီယံနဲ့ချီအသုံးပြုနေပြီး ကမ်းပြိုကာကွယ်ရေးအတွက်လည်းလုပ်ဆောင်နေကြောင်းပြောပါတယ်။
ဒ့ါအပြင် လာမယ့်ဘတ်ဂျက်ကစပြီး သဘာဝဘေးဖြစ်လာရင်ကြိုတင်ကာကွယ်ဖို့ ကျပ်သန်း ၆၀ ကို ထည့်သွင်းထားကာ ပြည်ထောင်စုကလည်း အရေးပေါ်စီမံဖို့အတွက် ကျပ်ငွေ ၁ ဘီလီယံ ချထားပေးထားတယ်လို့ပြောပါတယ်။