အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ မသန်စွမ်းသူများ သွားလာနိုင်ရေး ပညာပေး
DVB
·
May 20, 2019
အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ မသန်စွမ်းသူတွေ အလွယ်တကူ သွားလာအသုံးပြုနိုင်ရေး အသိပညာပေး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မှာ ပြုလုပ်သွားပါတယ်။
အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့ ပြည်လမ်း အင်းယားမီးပွိုင့် အနီးနဲ့ လှည်းတန်းလမ်းဆုံနဲ့ လှည်းတန်းစင်တာတို့မှာ မေလ ၁၈ ရက်က မသန်စွမ်းသူ ၁၄ ဦးနဲ့ စေတနာ့ဝန်ထမ်း ၄ ဦးတို့ စုပေါင်း ပြုလုပ်ခဲ့ကြတာပါ။
မသန်စွမ်းသူတွေဟာ ၀ှီးချဲ လက်တွန်းလှည်းတွေနဲ့ စီတန်းလှည့်လည်တာနဲ့ လှည်းတန်းစင်တာ အတွင်း လှည့်လည်သွားလာပြီး အသိပညာပေးလုပ်ဆောင်ခဲ့ကြတာလို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့မှာ ခုံးကျော်တံတားတွေအပါအ၀င် အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အဆောက်အဦ နေရာတွေမှာ မသန်စွမ်းသူတွေအဆင်ပြေသွားလာနိုင်အောင် ထည့်သွင်း ဆောက်လုပ် ဖန်တီးပေးထားခြင်းမရှိတာကြောင့် မသန်စွမ်းသူတွေ အလွယ်တကူ သွားလာနိုင်ဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ဓာတ်ပုံ-MILI