မသန်စွမ်းသူများကို အသက်မွေးဝမ်းကျောင်းပညာသင်ပေးပြီး အလုပ်ခန့်သွားမည်
DVB
·
April 26, 2018
နိုင်ငံတော်အစိုးရအနေနဲ့ မသန်စွမ်းသူတွေကို အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးပြီး အလုပ်ခန့်ဖို့ရှိတယ်လို့ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်ကပြောပါတယ်။
ဧပြီ ၂၅ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးကျေးရွာရှိ ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနကို လာရောက်လေ့လာစဉ် ပြောကြားခဲ့တာပါ။
“နိုင်ငံတော်အစိုးရဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ အတတ်နိုင်ဆုံး ထောက်ပံ့ဖို့ အစီအစဉ်ရ ရှိပါတယ်။ နောက်တခါ ခြေတု လက်တု လိုတဲ့သူ ခြေတု လက်တုပေးနိုင်အောင်လို့ စာရင်းကောက်ယူပြီးရင် ဒါကို လုပ်မှာဖြစ်ပါတယ်။ အဲဒါအပြင် မသန်စွမ်းတွေကိုလည်း ဖြစ်နိုင်သမျှ သူတို့နဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးပြီး အလုပ်ခန့်ဖို့ ရှိတယ်။ ကျနော်တို့ တတ်နိုင်သမျှ အကောင်းဆုံး အမြန်ဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ”လို့ ဒုညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က ပြောပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ဒေသတွင်းက ခြေတုလက်တုအလုပ်ရုံတွေမှာ ပစ္စည်းလိုအပ်ချက်နဲ့ ကိုက်ညီအောင် ကူညီဆောင်ရွက်ပေးနိုင်ဖို့နဲ့ မသန်စွမ်းတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အန်ဂျီအိုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး လာရောက်လေ့လာတာလည်း ဖြစ်ပါတယ်။
ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၊ တာဝန်ခံမန်နေဂျာ ဒေါ်ကျော့သီတာအောင်က “ကျမတို့ဆီလာပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုပြီးတော့ ဒါကနဦးပေါ့။ နဂိုကလည်း ကျမတို့က ပြန်လည်သန်စွမ်းရေး လုပ်နေတဲ့ အခါကျတော့ ဆက်စပ်မှုကတော့ ရှိပါတယ်။ နောက်ပိုင်း သူတို့ဘက်က ပံ့ပိုးမှုတွေ ဘယ်လို လုပ်ပေးရမလဲ ဆိုတာမျိုး လာလေ့လာတာပါ”လို့ ပြောပါတယ်။
ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းက အကြောင်းအမျိုးမျိုးနဲ့ မသန်စွမ်းသူတွေကို ကူညီထောက်ပံ့ပေးနေတာပါ။
မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို အရင်က အများဆုံး ကူညီ ဆောင်ရွက်ပေးနေရာက ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးနောက် မိုင်းထိသူ လျော့နည်းလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခြေတု လက်တု နယ်လှည့်တပ်ဆင်တာ၊ ပြန်လည်ပြုပြင်ပေးတာအပြင် ကုသရေး စင်တာကို ရပ်ဝေးက လာရောက်သူတွေအတွက် ခရီးစရိတ်၊ စားသောက်နေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရာ ၂၀၀၃ ခုနစ်မှ ဒီနေ့ထိ ၁၅ နှစ်တာအတွင်း လူနာပေါင်း ၇၀၀၀ကျော်ကို ကူညီစောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။
သတင်း - ရဲမင်းခေါင်